၁. ၁၁. ၂၀၂၃
Written by Nay Aung
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် ရဲအရာရှိတစ်ဦးအသတ်ခံရမှုနှင့် ဆက်နွှယ်ပြီး မြန်မာနိုင်ငံသားများအပါအဝင် လူပေါင်း ၄၄ ဦးကို နိုဝင်ဘာ ၁ ရက်နေ့တွင်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းက ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် မဏိပူရပြည်နယ် မိုးရေးမြို့တွင်နေထိုင်နေသည့် မြန်မာနိုင်ငံသားအနည်းဆုံး ၃၂ ဦးပါဝင်ခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများကပြောသည်။
မဏိပူရပြည်နယ်ရှိ ရဲအရာရှိတစ်ဦးသည် အောက်တိုဘာ ၃၁ ရက်နေ့က အသတ်ခံရကြောင်းသိရပြီး အမည်မဖော်လိုသော အိန္ဒိယရဲအရာရှိတစ်ဦးက ” စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်။ အသေးစိတ်အခြေအနေတွေကို မကြာခင် ထုတ်ပြန်ပေးမယ်။ ရဲအရာရှိကို တိုက်ခိုက်ခဲ့သူတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားဖွယ်ရှိတယ်လို့ သံသယရှိနေကြပါတယ်” ဟု ပြောသည်။
မဏိပူရပြည်နယ်ရဲတပ်ဖွဲ့သည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ်သူများကို ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ မိုးရေးမြို့ရဲစခန်းမှ ရဲအရာတစ်ဦးဖြစ်သူ Chingtham Anand Kumar သည် တည်ဆောက်လျက်ရှိနေသည့် စာသင်ကျောင်းသန့်ရှင်းရေးနှင့်ပတ်သက်ပြီး သွားရောက်စစ်ဆေးချိန်အတွင်း ပစ်သတ်ခံရခြင်းဖြစ်သည်။ အဆိုပါရဲအရာရှိပစ်သတ်ခံရမှုအပြင် အင်ဖာ-မိုးရေးအမြန်လမ်းတွင်လည်း လုံခြုံရေးတာဝန်များထမ်းဆောင်နေသော အိန္ဒိယရဲတပ်ဖွဲ့ဝင်များသည် ချုံခိုတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရဲတပ်ဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များ အသတ်ခံရခြင်း၊ ချုံခိုတိုက်ခိုက်ရခြင်းများဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တည်းက အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်ကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
Ref;hindustantimes