၁. ၁၁. ၂၀၂၃
Written by Nay Moe
MNDAA၊ AA နဲ့ TNLA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၅ ရက်အတွင်း တအာင်းဒေသအသီးသီးမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံဦးရေ ၁၀၀၀၀ ကျော်ရှိပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် ၅ ဦးအပါအဝင် ၁၁ ဦးသေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့်တပ်မတော် (MNTJP/MNDAA)၊ တအာင်းတပ်မတော် (PSLF/TNLA)၊ ရက္ခိုင်တပ်တော် (ULA/AA) တို့ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ပြီး တိုက်ခိုက်ရာမှာ နိုင်ငံ့ဝန်ထမ်းနဲ့ ပြည်သူဆယ်နဲ့ ချီ သတ်ဖြတ်ခံခဲ့ရသလို တအာင်းဒေသမှာလည်း ၁၁ ဦးသေခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်လာတာပါ။
မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် လားရှိုးမြို့က ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်း ၁၃ ကျောင်းမှာ စစ်ဘေးရှောင်ဦးရေ ၆၄၅၅ ဦးရှိပြီး၊ ကွတ်ခိုင်မြို့နယ်မှာ ၁၀၀၀ ကျော်၊ ကျောက်မဲမြို့နယ်မှာ ၄၄၆ ဦး၊ သိန္နီမြို့နယ်မှာ ၃၀၀၀ ကျော်၊ မိုးကုတ်မြို့နယ်မှာ ၂၅၀၊ မူဆယ်မြို့နယ်မှာ ၂၂၀ ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၁၀၀၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ ဒါ့အပြင် မန်တုံမြို့နယ် မိုင်းဘော်မှာ ဒေသခံ ၁၀၀ ကျော်နဲ့ ကွတ်ခိုင်မြို့နယ် မုံးကိုးနဲ့ မုံးစီးအကြားမှာ ဒေသခံ ၃၀၀ ကျော် ပိတ်မိနေပါတယ်။
မြောက်ပိုင်းသုံးဖွဲ့ရဲ့ အလစ်အငိုက်တိုက်ခိုက်မှုစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပြည်သူများစွာသေဆုံးခဲ့သလို စခန်းကုန်း ၈၀ ကျော်လည်း သိမ်းယူထားတဲ့အတွက် လက်ရှိမှာတပ်မတော်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။