၁.၁၁.၂၀၂၃
Translated by Htwe Ko Tun
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေးတို့က အောက်တိုဘာ ၃၁ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများပြုခဲ့ရာ အရပ်ဖက်ပြည်သူများစွာသေဆုံးခဲ့ရကြောင်း ဂါဇာဒေသအတွင်းရှိ ဆေးဘက်ဆိုင်ရာတာဝန်ခံတစ်ဦးနှင့် ပါလက်စတိုင်းအာဏာပိုင်များက ပြောခဲ့ကြ သည်။
ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒုက္ခသည် ၅၀ ကျော်သေဆုံးခဲ့ပြီး ၁၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ပြောခဲ့သည်။ ဂါဇာဒေသအတွင်းရှိ အင်ဒိုနီးရှားဆေးရုံညွှန်ကြားရေးမှူးကလည်း ဒုက္ခသည် ၅၀ ကျော်သေဆုံးခဲ့သည်ဟု အတည်ပြုပြောကြားခဲ့သည်။
ဓာတ်ပုံများနှင့်ဗီဒီယိုများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကြီးမားစွာပျက်စီးနေသော အဆောက်အအုံများကိုတွေ့ကြရပြီး ကယ်ဆယ်ရေးသမားများကလည်း အဆောက်အအုံအပျက်အစီး ကွန်ကရစ်အပိုင်းအစများအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို လိုက်လံရှာဖွေနေကြရသည်ကို တွေ့ရသည်။
ပြည်သူအများအပြားမှာလည်း အပျက်အစီးများကြားတွင် လှုပ်လှုပ်ရွရွဗျာများနေကြသည်ကိုတွေ့ကြရပြီး သေဆုံးသူအများစုမှာလည်း အမျိုးသမီးများနှင့် ကလေးများဖြစ်ကြသည်။ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် အများအပြားမှာလည်း မိသားစုဝင်များ၊ မိတ်ဆွေများသေဆုံးမှုကြောင့် ငိုကြွေးနေရသည်ကို တွေ့ကြရသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် ဟားမားစ်တို့ဖမ်းဆီးထားသော ဓားစားခံ ၇ ဦး သေဆုံးခဲ့ကြောင်းနှင့် သုံးဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း ဟားမားစ်အဖွဲ့က ကြေညာခဲ့သည်။
Ref—–Al Jazeera