၁.၁၁.၂၀၂၃
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP) က ဦးဆောင်၍ အစိုးရဆန့်ကျင် ရေးဆန္ဒပြပွဲများကို ဒက်ကာမြို့တွင် ပြုလုပ်လျက်ရှိရာမှ အောက်တိုဘာ ၃၁ ရက်တွင်မူ နိုင်ငံအနှံ့ဆန္ဒပြမှုများအဖြစ် တိုးချဲ့ပြုလုပ်လာကြကြောင်း သိရသည်။
BNP က သုံးရက်ကြာကျင်းပသွားမည်ဟုဆိုသော နိုင်ငံအနှံ့ဆန္ဒပြပွဲများ၏ ပထမနေ့ဖြစ်သည့် အောက်တိုဘာ ၃၁ ရက်တွင် ဆန္ဒပြသမားများနှင့် ရဲအဖွဲ့အကြား အကြမ်းဖက်တိုက်ခိုက်မှုများ၌ အနည်းဆုံး လူလေးဦးသေဆုံးခဲ့ကာ BNP-Jammat အတိုက်အခံပါတီများအုပ်စုမှ လူ ၅၀၀ ကျော် အဖမ်းခံခဲ့ရသည်။ သုံးရက်ကြာနိုင်ငံအနှံ့ ဆန္ဒပြပွဲကို ရထားလမ်း၊ ကားလမ်းနှင့် သင်္ဘောလမ်းသယ်ယူပို့ဆောင်ရေးများကို ၇၂ နာရီကြာ ရပ်နားပိတ်ဆို့၍ ပြုလုပ်သွားမည်ဟု ဆိုသည်။
ဒက်ကာမြို့တွင် အစိုးရဆန့်ကျင်ရေးအကြမ်းဖက်ဆန္ဒပြပွဲများအပြီး၌ BNP ပါတီ၏ ခေါင်းဆောင်တစ်ဦး နှင့်အဖွဲ့ဝင်အများအပြားဖမ်းဆီးခံခဲ့ရအပြီး အောက်တိုဘာ ၂၈ ရက်မှစ၍ နိုင်ငံရေးဆူပူအုံကြွမှု ဖြစ် ပွားလာခဲ့ခြင်းဖြစ်ကာ ငါးရက်တာ ဆူပူအုံကြွမှုကာလအတွင်း လူအများအပြားသေဆုံး ဒဏ်ရာရရှိခဲ့ပြီး ဝရုန်းသုန်းကား အကြမ်းဖက်ဖျက်ဆီးမှုများသာဖြစ်ပွား၍ ပြဿနာကိုပြေလည်ရန် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ်နိုင်ခဲ့ကြပေ။
အာဏာရ အဝါမီပါတီအစိုးရကလည်း အတိုက်အခံ BNP ပါတီကို နှိပ်ကွပ်သွားမည်ဟုပြောကာ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးအပါအဝင် ပါတီဝင် ၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲများတွင် အတိုက်အခံတို့က ဝန်ကြီးချုပ်ဟစိနာနှင့် အစိုးရအဖွဲ့ကို နုတ်ထွက်ပေးရန်နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်ကျင်းပမည့် ရွေးကောက်ပွဲကို ကြားဖြတ်အစိုးရတစ်ရပ်က ကျင်းပပေးသွားရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ယခုလက်ရှိအချိန်အထိ BNP ပါတီက အစိုးရလုပ်ငန်းများရပ်ဆိုင်းကာ အစိုးရအနေဖြင့်နုတ်ထွက်ပေးရပြီး ရွေးကောက်ပွဲကာလအတွက် ကြားဖြတ်အစိုးရတစ်ရပ်တင်မြှောက်နိုင်ရန် ကြိုးစားနေသော်လည်း အဝါမီပါတီကလည်း အခြေအနေကိုထိန်းသိမ်းကာ ဆက်လက်အုပ်ချုပ်သွားနိုင်ရန်ဆောင်ရွက်လျက် ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တစ်ရပ်၏သက်တမ်းမှာ ငါးနှစ်ကြာမြင့်ပြီး လက်ရှိလွှတ်တော် ငါးနှစ်မပြည့်မြောက်မီ ရက် ၉၀ အတွင်း နောက်လွှတ်တော်အတွက် ရွေးကောက်ပွဲကို ခေါ်ယူကျင်းပပေးရသည်။ လက်ရှိလွှတ်တော်သက်တမ်းကုန်ဆုံးရန် ရက် ၉၀ သာ ကျန်သည့်ကာလက နိုဝင်ဘာ ၁ ရက်တွင်စတင်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက်တွင် ရက် ၉၀ ပြည့်မည်လည်းဖြစ်သည်။
Ref—–Nationan Herald