၁. ၁၁. ၂၀၂၃
Written by Pan Ei
ဂျပန်နိုင်ငံအလယ်ပိုင်း တိုဒါမြို့က အထွေထွေရောဂါကုဆေးရုံတစ်ရုံမှာ အောက်တိုဘာ ၃၁ ရက် နေ့လယ်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အနီးနားကမြို့ဖြစ်တဲ့ ဝါရာဘီက စာတိုက်တစ်ခုအတွင်း အမျိုးသမီးနှစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တဲ့ အသက် ၈၆ နှစ်အရွယ် အဖိုးအိုကို မနေ့ညက ဖမ်းဆီးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပြီး အဆိုပါ အဖိုးအို ခုလိုပြုလုပ်ခဲ့ရတဲ့အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အစောပိုင်းက အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ဆေးရုံက ပစ်ခတ်မှုဖြစ်စဉ်မှာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးဟာ မြို့တော်ရဲ့မြောက်ဘက်မှာရှိတဲ့ ဝါရာဘီမြို့က စာတိုက်အတွင်းမှာ အမျိုးသမီးငယ်လေးတွေကို ဓားစားခံအဖြစ် ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာ သံသယရှိသူက ဓားစာခံတွေထဲက တစ်ဦးကို လွှတ်ပေးခဲ့ပြီး ကျန်တစ်ဦးဟာ ထွက်ပြေးသွားပြီးနောက် စာတိုက်အဆောက်အအုံကို ရဲတွေက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဓားစားခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး နှစ်ဦးစလုံးဟာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပြီး ရှစ်နာရီလောက်ကြာမြင့်ခဲ့တဲ့ စာတိုက်ရုံးတိုက်ပွဲပြီးတဲ့နောက်မှာ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ကြတာပါ။
ပစ်ခတ်မှုဖြစ်စဉ်ရဲ့ သံသယရှိသူ သေနတ်သမားဟာ အသက် ၄၀ နဲ့ ၅၀ ဝန်းကျင်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကနဦးထုတ်ပြန်ခဲ့ပေမဲ့ အမှန်တကယ် သံသယရှိသူဖမ်းမိတဲ့အခါ အသက် ၈၆ နှစ်အရွယ် Tsuneo Suzuki လို့ အမည်ရတဲ့ အမျိုးသားကြီးတစ်ဦးဖြစ်နေခဲ့တာပါ။
Tsuneo Suzuki ကိုတော့ အိမ်နီးနားချင်းတွေက ဖော်ရွေတဲ့ တစ်ဦးတည်းနေထိုင်တဲ့သူဖြစ်တယ်လို့ ဖော်ပြခဲ့ကြပေမဲ့ သူဟာ ဆေးရုံပစ်ခတ်မှုနောက်ကွယ်က တရားခံဖြစ်တယ်ဆိုတာကိုလည်း သူကိုယ်တိုင် အတည်ပြုပြောကြားခဲ့ပြီး သူ့အိမ်ကိုလည်းမီးရှို့ခဲ့တယ်လို့ ရဲတွေကို ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် သေနတ်နဲ့ပတ်သက်တဲ့ အကြမ်းဖက်ရာဇ၀တ်မှုတွေဟာ ဂျပန်နိုင်ငံမှာ ရှားပါးလွန်းလှပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မဲဆွယ်စည်းရုံးပွဲမှာ လက်လုပ်သေနတ်ကိုင်ပြီး ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို သတ်ဖြတ်ခဲ့မှုအပါအဝင် ပစ်ခတ်မှု ၉ ကြိမ်သာ ရှိခဲ့ပါတယ်။
Ref; AFP