MT News
Written by Nay Aung
ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် မဲဆောက်မြို့ရှိ ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသား YouTuber တစ်ဦးကို သီတင်းကျွတ်လပြည့်နေ့အတွင်း လူအများအပြားကို အပြင်းအထန်နာကျင်စေမှု၊ ဝရုန်းသုန်းကားများဖြစ်စေရန် ကြိုးပမ်းအားထုတ်မှုအဖြစ် လက် လုပ်ဗုံးများထုတ်လုပ်နေသည်ဆိုကာ စွဲချက်တင်ပြီး ဖမ်းဆီးလိုက်ကြောင်း သိရသည်။
လူငယ်များသည် ကားများကို ပေါက်ကွဲစေသော လက်လုပ်ဗုံး၊ ကျောက်တုံးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေသည်ဆိုသောသတင်းကို အောက်တိုဘာ ၂၈ ရက်နေ့က လက်ခံရရှိခဲ့ပြီးနောက် မဲဆောက်မြို့ရဲစခန်းမှအကြီးအကဲတစ်ဦးဖြစ်သူ Mantsak Kaew-on သည် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ထိုင်းနှင့်မြန်မာနယ်စပ်ဒေသအနီးရှိ Sri Thai လမ်းကို ကင်းလှည့်ရန် စေလွှတ်ခဲ့ကြောင်း ထိုင်းအခြေစိုက် ထိုင်းဂါးသတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ထိုင်းရဲတပ်ဖွဲ့သည် ကင်းလှည့်နေချိန်အတွင်း ပေါက်ကွဲသံကို ကြားခဲ့ရပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် လမ်းတစ်လျှောက်ကို စုံစမ်းစစ်ဆေးခဲ့ရာအသက် ၁၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနှင့် အသက် ၁၆ နှစ်အရွယ်ရှိ မြန်မာမိန်းကလေးတစ်ဦးကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်းသိရသည်။ အဆိုပါ မြန်မာနိုင်ငံသားလူငယ်နှင့်ချစ်သူဖြစ်သူမိန်းကလေးတို့သည် ပေါက်ကွဲမှုများဖြစ်အောင်လုပ်ဆောင်ခဲ့ပြီးနောက် ဆိုင်ကယ်ဖြင့်ထွက်ပြေးရန် ကြိုးပမ်းခဲ့ရာ ထိုင်းရဲတပ်ဖွဲ့က ပိတ် ဆို့ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားလူငယ်၏အိတ်ကို စစ်ဆေးခဲ့ရာ ကြက်ဥအရွယ်အစားရှိ လက်လုပ်ဗုံး ခြောက်လုံးကိုတွေ့ ရှိခဲ့ကြောင်း၊ မဲဆောက်မြို့ရဲတပ်ဖွဲ့ကပြောသည်။ အသက် ၁၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားက မြန်မာဂိုဏ်းခေါင်းဆောင်တစ်ဦးက သီတင်းကျွတ်ကာလအတွင်း လူများဝရုန်းသုန်းကားဖြစ်စေရန်၊ ထိတ်လန့်စေရန်အတွက် ပေါက်ကွဲစေသောပစ္စည်းများ ပြုလုပ်ရန် တာဝန်ပေးခိုင်းစေခဲ့ကြောင်း ဝန်ခံထားသည်။
၎င်းအနေဖြင့် ပေါက်ကွဲစေမည့် လက်လုပ်ဗုံးများ ပြုလုပ်ရန်အတွက် အွန်လိုင်းမှ လေ့လာခဲ့ကြောင်း၊ ၎င်း၏ လုပ်ရပ်များက မှားယွင်းကြောင်း မြန်မာနိုင်ငံသား လူငယ်က ထပ်မံဝန်ခံထားသည်။ မဲဆောက်ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားလူငယ်နှင့် ချစ်သူဖြစ်သူတို့ကို ပေါက်ကွဲစေသော ပစ္စည်းများ တရားမဝင်ပိုင်ဆိုင်မှုဖြင့် စွဲချက်တင်ထားသလို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုများဖြင့်လည်း စွဲချက်တင်ထားကြောင်းသိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားလူငယ်၏ အမည်ကိုအတိကျပြောဆိုခြင်းမျိုးမရှိဘဲ YouSup ဟုသာ ချစ်စနိုးခေါ်ဆိုခံရသူဖြစ်ကြောင်းပြောဆိုထားသည်။
Ref; thaiger