MT News
Written by Naing Thuta
သီတင်းကျွတ်လပြည့်(အောက်တိုဘာ ၂၉ ရက်) ညပိုင်းတွင်လည်း မန္တလေးမြို့အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် ရတနာပုံပန်းခြံဥယျာဉ်တို့၌ အနယ်နယ်အရပ်ရပ်မှ လာကြသည့် ဧည့်ပရိတ်သတ်များစွာဖြင့် စည်စည်ကားကားရှိနေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ရတနာပုံပန်းခြံဥယျာဉ် ကျုံးအရှေ့ဘက်ခြမ်းတွင် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ့ရိုးရာသီတင်းကျွတ်ဆီမီး ၅၀၀၀ မီးထွန်းပွဲတော်ကို ကျင်းပခဲ့သည်။
ယင်းပွဲတော်တွင် တာဝန်ရှိသူများမှ ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ မြန်မာ့ရိုးရာသီတင်းကျွတ်ဆီမီး ၅၀၀၀ မီးထွန်းခြင်း၊ စတုဒိသာများကျွေးမွေးလှူဒါန်းခြင်း၊ ယိမ်းအဖွဲ့များ၊ ကျောက်ဆည်မြန်မာ့ရိုးရာဆင်အက ကပြခြင်း၊ မြန်မာ့ရိုးရာခြင်း ခတ်ကပြခြင်း၊ တေးဂီတအစီစဉ်များဖြင့် ဖျော်ဖြေခြင်း၊ ရောင်စုံမီးပုံးပျံများလွှတ်တင်ခြင်းများဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေကြသည်။
“မနက်ကနေ အခုညပိုင်းအထိ လူတွေတစ်နေကုန်စည်ကားနေတာ။ ပျော်စရာလည်း အလွန်ကောင်းပြီး ကြည်နူးစရာလည်း ကောင်းတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ပါ။ မနက်ဖြန်လည်း ဒီနေ့လိုပဲစည်ကားလိမ့်မယ်လို့ထင်တာပဲ။ စျေးလည်းအရမ်းရောင်းကောင်းလို့ ပင်ပန်းပေမဲ့လည်း မမောနိုင်ဘူး”ဟု ပွဲစျေးရောင်းသူတစ်ဦးက ကြည်နူးစွာ ပြောသည်။
ထိုနည်းတူ ဘုရားစေတီပုထိုးများ၌လည်း ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မာစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ ဆီမီးထွန်းညှိခြင်းများ၊ နိဗ္ဗာန်စျေးများ၊ မီးပုံးပျံများလွှတ်တင်ခြင်းများဖြင့် အနယ်နယ်အရပ်ရပ်မှလာသူများက သီတင်းကျွတ်ပွဲတော်အား ဆင်နွှဲလျှက်ရှိကြောင်း သိရသည်။