၂၃. ၁၀. ၂၀၂၃
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ စက်မှုဇုန်များအတွင်း လူနေအိမ်ဆောက်ထားမှုများကို တွေ့ရှိရသဖြင့် စည်းကမ်းစနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခရိုင်ရုံးများသို့ အောက်တိုဘာ ၅ ရက်တွင် အကြောင်းကြားခဲ့ကြောင်း ယနေ့တွင် လူမှုကွန်ရက်၌ ပျံ့နှံလာသည့်အမိန့်စာအရ သိရသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက “အချို့စက်မှုဇုန်များတွင် လူနေအိမ်များ ဆောက်ထားသည်ကို တွေ့ရသဖြင့် စည်းကမ်းစနစ်တကျဖြစ်စေရေးအတွက် ကြပ်မတ်စေရန်” ဟု ညွှန်ကြားမှုပြုပါသဖြင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါကြောင်း ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်သွားကြရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (အားလုံး) သို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ ရက်စွဲပါ စာအမှတ် ၃/၆-၃ (၃၈)/စီပွား (စီမံ/ဘဏ္ဍာ) ဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်စား၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်က လက်မှတ်ရေးထိုးကာ ပေးပို့ထားခြင်းဖြစ်သည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး MT News မှ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာတွင် “ဒီအပိုင်းတွေက မီဒီယာကျတော့ ဥပဒေချုပ်ကြီးနဲ့၊ သူကတိုက်ရိုက်လုပ်တာ။ တာဝန်ခွဲထားလို့လေ။ လက်မှတ်က လက်မှတ်သက်သက် မီဒီယာကျတော့ သူနဲ့သွားရမှာ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် ပြောရေး ဆိုခွင့်ရှိသူ ဦးဌေးအောင် (တိုင်းဒေသကြီး ဥပဒေချုပ်) ဖုန်းအား ဆက်သွယ်ရာတွင် “ကျွန်တော်ကလေ အရင်က ဦးဌေးအောင်ရုံးမှာလုပ်ခဲ့တာ။ တစ်နှစ်၊ နှစ်နှစ်လောက်ကပေါ့။ အခုတော့ ကျွန်တော်က ပြောင်းသွားရပြီဗျ မရှိတော့ဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
မြေနေရာမျာရယူထားပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရသဖြင့် နိုင်ငံ့အကျိုးအတွက် ကြည့်မည်ဆိုပါက ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်မည့်အဖွဲ့အစည်းက လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၈ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်( ၈/၂၀၂၃)တွင် ပြောကြားထားသည်။