၂၄. ၁၀. ၂၀၂၃
Written by Peya
ပြည်သူ့ရင်ပြင်တွင် ကျင်းပမည့် သီတင်းကျွတ်မီးထွန်းပွဲတော်သို့ လာရောက်သူများအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝန်းအရှေ့တွင် ယာယီမှတ်တိုင်ထားပေးမည် ဖြစ်သကဲ့သို့ YBS ယာဉ်လိုင်း ၇ လိုင်းမှ ဘတ်စ်ကား ၁ စီးဆီကလည်း ည ၉ နာရီခွဲအထိ စောင့်ဆိုင်းပြေးဆွဲပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ထံက သိရသည်။
ထိုသို့ပြေးဆွဲရာတွင် အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ နေ့စဉ် ညပိုင်း ၉ နာရီခွဲအချိန်တွင် အင်းစိန်မြို့နယ်အတွက် YBS 21၊ လှိုင်သာယာမြို့နယ်အတွက် YBS 61၊ မင်္ဂလာဒုံမြို့နယ်အတွက် YBS 37၊ မြောက်ဥက္ကလာပမြို့နယ်အတွက် YBS 116၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွက် YBS 62၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွက် YBS 7၊ သာကေတမြို့နယ်အတွက် YBS 4 တို့ကို မူရင်းလမ်းကြောင်း အတိုင်း ပြေးဆွဲရာမှ ပြည်သူရင်ပြင် မှတ်တိုင်ကိုလည်း ထည့်သွင်းကာ အဆိုပါ မှတ်တိုင်သို့ ညပိုင်း ၉ နာရီခွဲအရောက် ပြေးဆွဲပေးသွားမည်ဟု YRTC ထံက သိရသည်။
“ပြည်သူ့ရင်ပြင်မှာက ဟိုဘက်မှာ လွှတ်တော်အရှေ့မှာ မှတ်တိုင် မရှိဘူး။ အဲ့ဒါကို ယာယီ မှတ်တိုင်လုပ်ပေးသွားမှာပါ” ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ကားများသည် ဂိတ်မှစထွက်ကာ ပြည်သူ့ရင်ပြင်သို့ ညပိုင်း ၉ နာရီခွဲတွင် ရောက်စေရန် ဆောင်ရွက်မည်ဖြစ်ကာ ခရီးသည် အပေါ်မူတည်ကာ လိုအပ်ချက်အရ ဘတ်စ်ကားကို တိုးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“လာရောက်တဲ့ပြည်သူတွေ သွားလာတာ အဆင်ပြေစေဖို့အတွက် စီစဉ်ထားတာ ဖြစ်ပါတယ်။ နေ့ခင်းပိုင်းဆိုရင် မှတ်တိုင်တစ်ခု တိုးချဲ့ပြီး အတက်အဆင်း လွယ်ကူအောင် လုပ်ပေးတာ ဖြစ်ပါတယ်” ဟု ဦးလျန်ကျင့်မန်က ဆိုသည်။