၂၃. ၁၀. ၂၀၂၃
Written by Peya
စီးတီး တက္ကစီများတွင် သတ်မှတ် တက္ကစီဘုတ်တင်ရန်၊ အဝါရောင် ဘေးလိုင်းစတေကာပါရန် အပါအဝင် အချက် ၇ ချက် ပြည့်စုံရန် လိုပြီး မပြည့်စုံပါက ပညာပေးကာလ လွန်လျှင် စစ်ဆေးပြီး ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က MT News သတင်းဌာနသို့ ပြောသည်။
City Taxi ဘေးစတစ်ကာ အဝါလိုင်း ကပ်ခြင်းနှင့်ပတ်သက်၍ ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် MT News သတင်းဌာနက မေးမြန်းခဲ့သည့် အပေါ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဝါရောင် ဘေးလိုင်း စတစ်ကာ ကပ်ခြင်းကိစ္စကို စတင်ဆောင်ရွက်ခဲ့ရာတွင် အောက်တိုဘာ ၁၃ ရက်မှ ယနေ့ အထိ စီးတီးတက္ကစီ အစီးရေ ငါးသောင်းခန့်အနက် အစီးရေ တစ်သောင်းခန့် ကပ်ထားပြီးဖြစ်ကာ ယခုနှစ် နိုဝင်ဘာ ၁ ရက်မှ လာမည့်နှစ် ဇန်နဝါရီ ၃၁ ရက် အထိ ကို သတ်မှတ် ဒီဇိုင်းအတိုင်း ညှပ်ခအပါအဝင် စတေကာ တန်ဖိုး ငါးထောင်ကျပ်ကို YRTC မှ ကျခံပေးမည်ဖြစ်ကာ လက်ခမယူဘဲ ဝန်ထမ်းများက ဆောင်ရွက်ပေးမည် ဖြစ်ပြီး တက္ကစီ ပိုင်ရှင်ကိုယ်တိုင်လည်း သတ်မှတ်ဒီဇိုင်း အတိုင်း မိမိအစီစဉ်ဖြင့် စတေကာ ကပ်ခွင့်ပြုထားကြောင်းလည်း သိရသည်။
ပြည့်စုံရမည့် အချက် ၇ ချက်တွင် ကညန၌ အငှားယာဉ် နံပါတ်ပြား အနီအဖြစ် မှတ်ပုံတင်ထားရန်၊ ကညန မှတ်ပုံတင် သက်သေခံလက်မှတ် (ဝှီးတက်) ရှိရန်၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၏ လုပ်ငန်းလိုင်စင်များ အပိုင်း (၁)၊ (၂) ရှိရန်၊ အဝါရောင်ဘေးလိုင်း စတေကာ ပါရန်၊ YRTC စီးတီးတက္ကစီ စတစ်ကာနှင့် ယာဉ်မောင်းဓာတ်ပုံပါရန်၊ YCTA ရန်ကုန်စီးတီးတက္ကစီအသင်း လိုဂို ပါရန်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ဆောင်ရွက်သည့် တက္ကစီ ဘုတ် ပါရန်တို့ လိုအပ်ကြောင်း သိရသည်။
“ပညာပေး ကာလက ၁ ရက် ၁၁ လ ၂၀၂၃ ကနေ ၃၁ ရက် ၁ လ ၂၀၂၄ ဖြစ်ပါတယ်။ စစ်မယ်။ ပြီးရင် ပြဌာန်းထားတဲ့ ဥပဒေအရ အရေးယူမှာပါ” ဟု ဦးလျန်ကျင့်မန် က ဆိုသည်။
တက္ကစီဘုတ်များကို သတ်မှတ်ထားသည့် အရွယ်အစားအတိုင်း အောက်တိုဘာ ၂၄ ရက် နံနက် ရုံးဖွင့်ချိန်က စတင်ကာ ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ပြီးအသင်းသား မဟုတ်သူများအတွက် တစ်သောင်းနှစ်ထောင်ဖြင့် ရောင်းချ၍ အသင်းသားများကိုမူ ကျပ် တစ်သောင်းကျပ်နှုန်းဖြင့်သာ ရောင်းချပေးမည် ဖြစ်ကြောင်း ရန်ကုန် စီးတီ တက္ကစီ အသင်းမှ အတွင်းရေးမှူး ဦးသက်အောင်ဝင်း က ပြောသည်။