၂၃. ၁၀. ၂၀၂၃
Written by Ye Kyaw
ရန်ကုန်လေဆိပ်တွင် Grab EV Taxi ဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်(ယနေ့)မှ စတင် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က အသိပေးကြေညာထားသည်။
ခရီးသည်များအနေဖြင့် စမ်းသပ်ပြေးဆွဲကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) နှင့် Terminal (3) ရှိ Grab Taxi ဝန်ဆောင်မှုကောင်တာများမှတစ်ဆင့် Booking ပြုလုပ် စီးနင်းနိုင်မည်ဖြစ်သည်။
ခရီးသည်များ စီးနင်းလိုက်ပါမှုအတွက် ဘေးကင်းရုံသာမက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရာတွင်လည်း အထောက်အကူဖြစ်စေသည့် Grab EV Taxi ဝန်ဆောင်မှုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကတိကဝတ် စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Grab မှ GrabTaxi EV ဝန်ဆောင်မှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြန်ခရီးအတွက် NS International Co., Ltd နှင့်ပူးပေါင်း၍ MG5 EV Luxury ကားများဖြင့် ယနေ့မှစတင်၍ စမ်းသပ်ကာလအဖြစ် စတင်ဝန်ဆောင်မှုပေးနေကြောင်း Grab မှလည်း အသိပေးကြေညာထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Grab Taxi ဝန်ဆောင်မှုကို နံနက် ၄ နာရီမှ ည ၁၁ အထိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Customer များ၏ မေးမြန်းမှုကို Grab မှ ပြန်လည်ဖြေကြားထားသည်။