၂၄. ၁၀. ၂၀၂၃
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၆၉ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီအချိန် စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအနီးတွင် မန္တလေးမှ ကလေးမြို့သို့ ဧရာထွန်း(ခ) ဇေယျာထွန်း မောင်းနှင်ပြီး သီဟထွန်း လိုက်ပါလာသော မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ကုန်ပစ္စည်းများနှင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၆၉ ဘီလျံတန်ဖိုးရှိ ဆပ်ပြာခွက် ၃၃၀၀ ခွက်အတွင်းမှ ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၂ သိန်း သိမ်းဆည်း ရမိခဲ့သည်။
ကွင်းဆက်အရ အောက်တိုဘာ ၁၉ ရက် ည ၈ နာရီခွဲအချိန် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်း ဝယ်ရာ၌ ပူးပေါင်းပါဝင်သူ သိန်းထွန်းအောင်(ခ) ချမ်းမြေ့အောင်(ခ)ချမ်းမြေ့အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။