၁၉. ၁၀. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် မြေမြှုမိုင်းနှင့် ပေါက်ကွဲစေသော ပစ္စည်းများကြောင့် ယခုနှစ်အတွင်း ထိခိုက်သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနေကြောင်း ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသောပစ္စည်းများကြောင့်သေဆုံးဒဏ်ရာရသူအရေအတွက် ၆၅၀ ဦးရှိခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သော UNICEF အဖွဲ့က ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်းတွင် မြေမြှုပ်မိုင်းကြောင့် ၁၂၁ ဦးသေဆုံးခဲ့သလို ၅၂၉ ဦးဒဏ်ရာရခဲ့ကြောင်း၊ အဆိုပါအရေအတွက်သည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၁၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း UNICEF အဖွဲ့ကပြောသည်။
၂၀၂၃ခုနှစ်အတွင်းဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသော ပစ္စည်းများကြောင့်သေဆုံးဒဏ်ရာရရှိမှုအများဆုံးက စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားသော သေဆုံး၊ ဒဏ်ရာရသူအရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နှိုင်းယှဉ်လျှင် ၃၉ ရာခိုင်နှုန်းဖြစ်ကြောင်း UNICEF အဖွဲ့က ပြောသည်။
၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူအများဆုံးဒေသများတွင် စစ်ကိုင်းတိုင်းကထိပ်ဆုံးတွင်ရှိနေပြီး ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့က ဒုတိယနှင့် တတိယအများဆုံးဖြစ်နေကြောင်း UNICEF အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့အပြင် ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင်လည်း မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသောပစ္စည်းများကြောင့် သေဆုံး၊ ဒဏ်ရာရသူများရှိနေဆဲဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်ပထမ ၇ လအတွင်း ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကြောင့်သေဆုံး၊ ဒဏ်ရာရသူအားလုံး၏ ၂၂ ရာခိုင်နှုန်းက ကလေးငယ်များဖြစ်ကြောင်းသိရသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်းဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသောပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူ အမျိုးသား ၃၄၀ ဦး၊အမျိုးသမီး ၁၆၄ ဦးနှင့် ကလေးငယ် ၁၄၆ ဦးတို့ ရှိနေကြောင်း သိရသည်။
Ref; UNICEF