၁၉. ၁၀. ၂၀၂၃
Written by Ye Kyaw
လက်ရှိတွင် မြန်မာ့ဆန်ကို တရုတ်နှင့် ဥရောပနိုင်ငံများက အများဆုံးဝယ်ယူနေခြင်းကြောင့် အစိုးရအချင်းချင်း စာချုပ်ချုပ်ဆိုသည့် (G to G) စနစ်ဖြင့် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
“ဆန်ပြည်ပတင်ပို့မှုနဲ့ ပတ်သက်မယ်ဆိုလို့ရှိရင် တတ်နိုင်သမျှ G to G အစီအစဉ်တွေရှိတယ်။ ပုံမှန်ဝယ်နေတာပေါ့။ အခုဆိုလည်း အများဆုံးဝယ်နေတာ တရုတ်နိုင်ငံနဲ့ ဥရောပဈေးကွက်ပေါ့။ အခုဆို အိမ်နီးနားချင်း အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားတို့၊ မလေးရှားတို့၊ ဖိလစ်ပိုင်တွေက ဒီနိုင်ငံတွေကလည်း ပြန်လည်ပြီးတော့ တိုးမြှင့်ပြီးတော့ ဝယ်လာတာတွေ့ရပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဆန်နှင့်ဆန်ကွဲကို ပြည်ပသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုလုံးမှ တင်ပို့နေခြင်းဖြစ်သည်။ ယင်းကဲ့သို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်နှစ်ခုလုံးမှ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ ဥရောပနိုင်ငံများဖြစ်သည့် စပိန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ဂျာမနီ၊ တူရကီ၊ ပေါတူဂီ စသည့်နိုင်ငံများသို့လည်း အဓိကတင်ပို့နေသည်။
ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းတင်ပို့ရန် လျာထားသော်လည်း ဘဏ္ဍာနှစ် ခြောက်လကုန်ဆုံးချိန်အထိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၆၀,၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၂၁၀ ခန့်သာ ရရှိထားကြောင်းနှင့် ယခုအောက်တိုဘာမှစ၍ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလအတွင်း ဆန်တန်ချိန် ခြောက်သိန်းကျော်အထိ တင်ပို့နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေခြင်း၊ အယ်နီညိုရာသီဥတုနှင့် ကြုံရနိုင်သဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန် ဆောင်ရွက်နေမှုများကြောင့် ယခုနှစ်တွင် ပြည်ပဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် လျော့ကျလျက်ရှိသည်။ လက်ရှိအချိန်တွင် နိုင်ငံတကာဆန်ဈေးနှုန်းမြင့်တက်နေသည့် အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိအောင်လည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။