၁၂. ၁၁. ၂၀၂၂
Written by Tha Doe
ကမ္ဘာ့ရွှေစျေး တစ်ပတ်အတွင်း ဒေါ်လာ ၁၀၀ ကျော် ခုန်တက်ပြီးနောက် ပြည်တွင်းရွှေစျေး ကျပ် ၂၇ သိန်းအထက် ပြန်ရောက်လာခဲ့ကြောင်း နိုဝင်ဘာ ၁၂ ရက် ပြည်တွင်းရွှေအဖွင့်စျေးအရ သိရသည်။
ရန်ကုန်ရှိ ရွှေရောင်းချသူများအနေဖြင့် အခေါက်ရွှေတစ်ကျပ်သား ၂၅၃၀၀၀၀ ဖြင့်သာ ရောင်းချပေးပါရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက အောက်တိုဘာ ၃၀ တွင် မေတ္တာရပ်ခံပြီးနောက် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ် ၂၆၅၀၀၀၀ နှင့် ကျပ် ၂၆၈၀၀၀၀ အကြားတွင် ၁၂ ရက်ခန့် ငြိမ်သက်နေခဲ့သည်။
သို့သော် ကမ္ဘာ့ရွှေစျေးမှာ နိုဝင်ဘာ ၁ ရက် ညနေစျေး တစ်အောင်စ ၁၆၄၅ ဒေါ်လာ၊ နိုဝင်ဘာ ၃ ရက် ညနေစျေး ၁၆၂၉ ဒေါ်လာ၊ နိုဝင်ဘာ ၅ ရက် ညနေစျေး ၁၆၈၁ ဒေါ်လာ၊ နိုဝင်ဘာ ၈ ရက် ညနေစျေး ၁၆၆၈ ဒေါ်လာ၊ နိုဝင်ဘာ ၉ ရက် ညနေစျေး ၁၇၁၁ ဒေါ်လာ၊ နိုဝင်ဘာ ၁၀ ရက် ညနေစျေး ၁၇၀၆ ဒေါ်လာ၊ နိုဝင်ဘာ ၁၁ ရက် ညနေစျေး ၁၇၆၂ ဒေါ်လာသို့ ခုန်တက်ခဲ့ပြီးနောက် ယနေ့နံနက်အဖွင့်စျေးတွင် တစ်အောင်စ ၁၇၇၀ ဒေါ်လာသို့ ဆက်လက်မြင့်တက်ခဲ့သဖြင့် တစ်ကျပ်သား ကျပ် ၂၆၈၀၀၀၀ ပတ်လည်ဖြင့် ငြိမ်သက်နေခဲ့သည့် ပြည်တွင်းရွှေစျေးမှာ နိုဝင်ဘာ ၁၂ ရက်အဖွင့်စျေးတွင် ကျပ် ၂၇၁၀၀၀၀ သို့ပြန်လည်မြင့်တက်လာခဲ့သည်။
” ကမ္ဘာ့ရွှေစျေးက အခုရက်ပိုင်းမြင့်တက်လာပေမဲ့ ပြည်တွင်းရွှေသမားတွေက ရွှေစျေးတက်ရင်ဖမ်းတယ်ဆိုတဲ့သတင်းတွေရော ရွှေအသင်းက ၂၅၃၀၀၀၀ နဲ့ ရောင်းပေးဖို့ မေတ္တာရပ်ခံထားတာရောကြောင့် ၂၆၈၀၀၀ လောက်နဲ့ အဆင်ပြေသလိုရောင်းနေကြတာ။ ဒီနေ့ကတော့ ပိတ်ရက်ဖြစ်တာရော ကမ္ဘာ့ရွှေစျေးက အတက်ဘက်ဆက်သွားနေတာရောကြောင့် ၂၇ သိန်းအထက်ကို သွေးတိုးစမ်းလာတာပေါ့”ဟု ရွှေစျေးကွက် လေ့လာသူတစ်ဦးက ပြောသည်။
ကမ္ဘာ့ရွှေစျေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေစျေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၇ သိန်းအထက် ရောက်ရှိလာသော်လည်း ပြည်တွင်းဒေါ်လာစျေးမှာမူ ကျပ် ၂၉၆၀ ဝန်းကျင်ဖြင့် ကြိုက်ရောင်း ကြိုက်ဝယ်အနေအထားသာ ဆက်ရှိနေသည်။