၁၅. ၁၀. ၂၀၂၃
Written by Nyein Kyaw၊ Min Mahar
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမည့် အချိန်ရောက်နေပြီဖြစ်ပြီး သူ့မူကိုယ်မူ အသေစွဲကိုင်နေကြမည်ဆိုပါက လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မည်မဟုတ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ယနေ့ နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်သည့် NCA (၈) နှစ်မြောက် နှစ်ပတ်အလည်အခမ်းအနားတွင် ပြောကြားသည်။
“ဒီနေ့ကာလဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် အချိန်ကျရောက်နေပါပြီ။ ဒီအတွက် သက်ဆိုင်သူများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရေးကလည်း လိုအပ်နေပါတယ်။ သူ့မူကိုယ့်မူ အသေစွဲကိုင်နေကြမယ်ဆိုရင် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မှာမဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။
အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့ရာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့ကြသည့်အတွက် NCA အကောင်အထည်ဖော်မှုမှာလည်း ရပ်တန့်သွားခဲ့ရကြောင်း၊ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေးအတွက် အချိန်များ အလဟဿဖြစ်ခဲ့ရကြောင်း RCSS ဥက္ကဋ္ဌက ပြောကြားသည်။
သို့သော် NCA လက်မှတ်ရေးထိုးခဲ့ကြသော မိမိတို့တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် NCA အနှစ်သာရများဖြစ်သည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံး ပါဝင်သော အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေး စသည့်မူများကို ကိုင်စွဲ၍ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ခဲ့လို့ ယနေ့ တိုင်းပြည်ဟာ စစ်ရေးပဋိပက္ခနဲ့ နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့နေရပြီး တိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းကို ပိုမိုပြီး ဆိုးဝါးသထက် မဆိုးဝါးလာစေရန် ဝိုင်းဝန်းပြီး အဖြေရှာရမယ့် အချိန်ရောက်ပြီ” ဟု RCSS ဥက္ကဋ္ဌက ပြောကြားသည်။
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ရန် အချိန်တန်နေပြီး နိုင်ငံရေးပြသနာ၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဖို့လိုအပ်သကဲ့သို့ ဥပဒေကလည်း အားလုံးလက်ခံနိုင်သည့် ဥပဒေဖြစ်ရန်လိုအပ်ကြောင်း RCSS ဥက္ကဋ္ဌက တင်ပြခဲ့သည်။