SAC ဥက္ကဋ္ဌထံ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ
၁၅. ၁၀. ၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာ SAC ဥက္ကဋ္ဌက မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့ အခမ်းအနားကို တရုတ်နိုင်ငံကိုယ်စား လာရောက်တက်ရောက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြန်လည် ပြောကြားသည်။
ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ NCA လမ်းကြောင်းပေါ်မှခိုင်မာစွာရပ်တည်၍ ကြိုးပမ်းဆောင်ရွက်လျက် သကဲ့သို့ တရုတ်နိုင်ငံမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာစွာ ရပ်တည်ထောက်ခံလျက်ရှိသည့်အခြေအနေများနှင့် နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှု များကို လက်ခံမှုမရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံ နှင့် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကိုထိခိုက်စေမည့် လုပ်ဆောင်ချက်များကို လက်သင့်ခံမှုမရှိသည့် အခြေ အနေများ၊ အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် NCA စာချုပ်ကဲ့သို့ခိုင်မာမှု၊ တရားဝင်မှုရှိသည့် စာချုပ်ချုပ်ဆို နိုင်ခြင်းမရှိဘဲ သဘောတူညီချက်များ၊ ကတိကဝတ်များ ဖြင့်သာဆောင်ရွက်ခဲ့ကြမှု အခြေအနေများနှင့် ခိုင်မာလေးနက်တရားဝင်မှုရှိသည့် NCA လမ်းကြောင်းအပေါ် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရန်တိုက်တွန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင်လျှောက်လှမ်းမှုအပေါ် ခိုင်မာစွာရပ်တည်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။