၁၄. ၁၀. ၂၀၂၃
Written By Thandar
မိန်းမလျာ ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်အားပေးမှုရခဲ့တဲ့ သရုပ်ဆောင် ရဲလေးမကတော့ အနုပညာနဲ့ ပတ်သက်ရင် တခြားဇာတ်ရုပ်တွေကို ပရိသတ်တွေ တွေ့မြင့်ဖို့ ကြိုးစားနေပါတယ်လို့ MTNews Entertainment ကို ရင်ဖွင့်လာပါတယ်။
သူ့ရဲ့ ၁၃ ဆိုင်မြောက် မုန့်ဟင်းစားဆိုင်ကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃ လမ်းရှိ အမှတ် ၃၇ မှာ ဖွင့်လှစ်ခဲ့ရာ အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် ဟိန်းဇေ ၊ အဆိုတော် ဗီဗာဟိန်း ၊ အဆိုတော် ယုဝေဖြိုး ၊ သရုပ်ဆောင် ဝင်းမင်းသန်း စတဲ့သူတွေ တက်ရောက်အားပေးဝန်းရံခဲ့ပါတယ်။
“ရဲလေးမကို ဟာသအနေနဲ့ပဲ မြင်ကြတာလေ။ ဟာသရုပ်ဆောင်ဆိုပေမယ့် ဒရာမာလုပ်နိုင်တယ် သရုပ်ဆောင်နိုင်တယ်။ ဒါပေမယ့် ရဲလေးမတို့ ရုပ်ရှင်လောက လူတစ်ယောက်ဟာ ဒီလို ဇာတ်ရုပ်ဆိုရင် ဒီလိုနေရာကို ခေါ်သုံးကြတာများတယ်။ ဒီအတွက်လည်း ရဲလေးမက ကြိုးစားရဦးမှာပါ။ ဒါကြောင့် ရဲလေးမကို တခြား ဇာတ်ရုပ်တွေ ပရိသတ်တွေ တွေ့မြင်ဖို့ ကြိုးစားနေပါတယ်။ ဇာတ်ရုပ်မျိုးစုံနဲ့ မကြာခင်ရိုက်ဖို့စီစဥ်နေပါတယ်။ ကြည့်ရှုသူတွေလည်း ဘဝအမောတွေ ပြေစေဖို့ ရဲလေးမကြိုးစားနေပါတယ်” လို့ သရုပ်ဆောင် ရဲလေးမက MTNews Entertainment ပြောပါတယ်။
သူဟာ ဟာသဇာတ်ရုပ်တွေပဲ ကမ်းလှမ်းမှုကြောင့်သာ ဇာတ်ကားတချို့ကို ဟာသကာရိုက်တာ ရိုက်ကူးရတာ များတာလည်း ဖြစ်ပါတယ်။ ရဲလေးမကတော့ ဒေါ်ထားအဖွဲ့ရဲ့ဖြတ်လျှောက် ဘဝကနေ အနုပညာလောကထဲကို ရောက်ရှိလာတာ နှစ် ၂၀ နီးပါးရှိပြီလည်းဖြစ်ပါတယ်။
“အကို့ရဲ့ ၁၃ ဆိုင်မြောက် မုန့်ဟင်းခါးဆိုင်လေးပါ။ ဟင်းရည်ယူရောင်းတဲ့ ဆိုင်တွေပါပဲ။ ကိုယ် အဆင်မပြေလို့ ရောင်းတဲ့ မုန့်ဟင်းခါးပေါ်မှာ ဝန်းရံအားပေးကြတာကတော့ ဒီပရိသတ်တွေကြောင့်ပါပဲ။ ငါတော်လို့ ငါ တတ်လို့လည်း မဟုတ်ပါဘူး။ ရဲလေးမ မုန့်ဟင်းခါးကို ကျွမ်းကျွမ်းကျင်ကျင် ချက်နိုင်တဲ့သူမဟုတ်ပါဘူး။ ရဲလေးမရဲ့ အမအကြီးဆုံးရဲ့ မူလေးယူပြီး ကိုယ့်အကောင်းဆုံးပြန်ချက်တာပါ။ ရဲလေးမမှာ လိုအပ်ချက်တွေ ရှိမှာ။ ဒါပေမယ့် ပရိသတ်က ကိုယ့်ကိုချစ်တဲ့စိတ်တစ်ခုနဲ့ တစ်စိုက်မတ်မတ်လိုက်ပြီး အားပေးကြတဲ့ ပရိသတ်ကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ မေတ္တာ တရားဆိုတာ ဘာနဲ့မှ လဲလို့မရပါဘူး”လို့ သူကဆက်ပြောပါတယ်။