◼️အီရန်က မျှော်မှန်းမထားသည့် အခြေအနေများ ဖြစ်လာနိုင်ဟု ခြိမ်းခြောက်
၁၄. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
အစ္စရေးနိုင်ငံ၏ မြောက်ဘက်စစ်မျက်နှာတွင် မောင်းသူမဲ့လေယာဉ်တစ်စီးကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကာ ဟစ်ဇ်ဘိုလာအုပ်စုက အစ္စရေးတပ်စခန်းများကို တိုက်ခိုက်မှုများပြုလုပ်လာပြီး နယ်စပ်လုံခြုံရေး အတားအဆီးများမှာလည်း ပေါက်ကွဲမှုတစ်ခုကြောင့် ပျက်စီးခဲ့ရပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင်မူ အစ္စရေးမောင်းသူမဲ့လေယာဉ်များ၊ အမြောက်ကြီးများနှင့်တင့်ကားများက လက်ဘနွန်နိုင်ငံအတွင်း ပစ်မှတ်များကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟားမားစ်တို့၏ အစ္စရေးနိုင်ငံတောင်ပိုင်းသို့ စိမ့်ဝင်တိုက်ခိုက်မှုများကြောင့် အစ္စရေး-ဟားမားစ် စစ်ပွဲ ဖြစ်ပွားနေစဉ်မှာပင် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအကြမ်းဖက်အုပ်စုကလည်း ဒုတိယစစ်မျက်နှာတစ်ခု ဖွင့်လှစ်လာလေမည်လားစိုးရိမ်နေကြချိန်၌ လက်ဘနွန်နှင့်အစ္စရေးနယ်စပ်တွင် ဤကဲ့သို့တိုက်ပွဲများဖြစ်ပျက်လာခဲ့ခြင်းလည်းဖြစ်သည်။ ၎င်းက ဒေသအတွင်းဖြစ်ပွားနေသော ပဋိပက္ခစစ်ပွဲတွင် အီရန်နှင့် ဟစ်ဇ်ဘိုလာတို့ပါ ပါဝင်လာနိုင်ကြောင်းသတိပေးချက်များသဖွယ်လည်း ဖြစ်ခဲ့သည်။
အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာတို့၏ ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် နယ်စပ်ရှိ ဟစ်ဇ်ဘိုလာစခန်းတစ်ခုကို တင့်ကားများဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြောခဲ့သည်။အောက်တိုဘာ ၁၃ ရက်တွင် နိုင်ငံမြောက်ပိုင်းရှိ မီတူလာမြို့ကို အစ္စရေးတပ်ဖွဲ့များက စစ်ရေးတင်းကျပ်နယ်မြေအဖြစ်ကြေညာခဲ့သည်။ မီတူလာမြို့တွင် မကြာသေးမီရက်များကပင် တင်းမာနေသောအခြေအနေများအတွင်း မြို့နေပြည်သူများ မြို့မှစွန့်ခွာထွက်သွားကြရန် အာဏာပိုင်များက ပြောကြားခဲ့သည်။
ထိုသို့ အခြေအနေတင်းမာနေစဉ်မှာပင် ဟစ်ဇ်ဘိုလာအုပ်စု၏ ဒုတိယအကြီးအကဲ နာအင် ကွာဆမ် က မိမိတို့အနေဖြင့် အပြည့်အဝကြိုတင်ပြင်ဆင်မှု ပြုလုပ်ထားကြောင်း၊ သင့်တော်သည့်အချိန်တွင် မဟာမိတ် ဟားမားစ်တို့နှင့် လက်တွဲသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက်တွင်ပြောခဲ့ပြန်သည်။ ၎င်းက ဟစ်ဇ်ဘိုလာ အုပ်စုကို အစ္စရေး-ဟားမားစ် စစ်ပွဲတွင် မပါဝင်ဘဲရှောင်တိမ်းနေရန် တောင်းဆိုမှုများကို ခါးခါးသီးသီးငြင်းပယ်ခဲ့သည်။
အောက်တိုဘာ ၁၃ ရက်တွင် ဘေရွတ်မြို့သို့ ရောက်ရှိလာသော အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အဗ္ဗဒိုလာဟိန် ကလည်း ဟားမားစ်တို့နှင့် ပဋိပက္ခမှသည် ဒေသအတွင်းစစ်ပွဲကူးစက်ဖြစ်ပွားမှုမရှိစေရန် အမေရိကန်အစိုးရအနေဖြင့် အစ္စရေးသို့ စစ်ရေးအကူအညီများကို ထိန်းချုပ်ကန့်သတ်ရမည်ဟုပြောခဲ့သည်။ ၎င်းက “အမေရိကန်အစိုးရအနေနဲ့ ဂါဇာကိုဖျက်ဆီးဖို့ အစ္စရေးကို အခွင့်အလမ်းပေးဖို့ လိုလားနေတယ်။ ဒါက ကြီးမားတဲ့အမှားဖြစ်လိမ့်မယ်” ဟု ဆက် လက်ပြောခဲ့သည်။
အီရန်အစိုးရက ဟားမားစ် တို့အား ကာလကြာရှည်ထောက်ပံ့မှုပြုလာသူဖြစ်သော်လည်း ဟားမားစ်တို့၏ အစ္စရေးနိုင်ငံအတွင်း အောက်တိုဘာ ၇ ရက်မှစ၍ ဝင်ရောက်တိုက်ခိုက်မှတွင် အီရန်က တစ်စုံတစ်ရာပါဝင်ပတ်သက်ခြင်းမရှိဟုဘူးခံ၍သာ ငြင်းဆန်နေသည်။ အဗ္ဗဒို လာဟိန် က လက်ဘနွန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင်မူ လက်ဘနွန်နိုင်ငံလုံခြုံမှုရှိရေးနှင့် တည်ငြိမ်အေးချမ်းရေးက အီရန်အတွက်လည်းအရေးကြီးကြောင်းပြောခဲ့သည်။
၎င်းက ဘေရွတ်မြို့တွင် အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းပွဲတစ်ခု၌ “ အစ္စရေး ဇီယွန်ဝါဒီအစိုးရအနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေခြင်းကို ချက်ချင်းရပ်သင့်ပြီ။ ဒါမှမဟုတ်ရင် မျှော်မှန်းမထားတဲ့အခြေအနေတွေ ဘာမဆို ဖြစ်လာနိုင်တာတယ်” သတိပေးပြောခဲ့ပြန်သည်။
ထို့ကြောင့်လည်း အစ္စရေး-ဟားမားစ်စစ်ပွဲ၏မီးတောက်များက ဒေသအတွင်းကူးစက်ပျံ့နှံ့ကာ စစ်မျက်နှာအသစ်များထပ်မံဖြစ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။
Ref—-The Times of Israel