၁၄. ၁၀. ၂၀၂၃
Written By Thandar
အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် Mrs Supermodel Worldwide 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် မွန်း (Moon) က ဝင်ရောက်ယှဉ်ပြိုင်ဖို့ ယနေ့ အောက်တိုဘာ ၁၃ ရက်မှာ မြန်မာပြည်က စတင်ထွက်ခွာသွားပြီးဖြစ်ပါတယ်။
“ခု ညီမ အိန္ဒိယနိုင်ငံကို ရောက်နေပါပြီ။ ညီမအနေနဲ့ ဒီပြိုင်ပွဲဝင်ပြိုင်ဖို့အတွက် အစားအသောက်တွေလည်း လျှော့ခဲ့ရတယ်။ ပြိုင်ပွဲပြိုင်ရမယ်ဆိုတော့ အရမ်းရင်ခုန်တယ်။ ပျော်လည်းပျော်တယ်။ မြန်မာကိုယ်စားပြုအနေနဲ့ အကောင်းဆုံး ကြိုးစားထားပါတယ်။ ပြိုင်ပွဲမှာလည်း Talent ပိုင်းမှာ ရှမ်းရိုးရာအကနဲ့ ပြိုင်သွားမှာပါ။ National Costume ကိုလည်း ရှမ်းရိုးရာဝတ်စုံနဲ့ ပြိုင်သွားမှာပါ။ ညီမကိုလည်း အားပေးဝန်းရံကြပါဦးလို့ ပြောချင်ပါတယ် ”လို့ အိမ်ထောင်ရှင်အလှမယ် မွန်း (Moon) က ပြောပါတယ်။
ယနေ့ အောက်တိုဘာ ၁၄ ရက်ကနေ အောက်တိုဘာ ၂၂ ရက်အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ အိမ်ရှင်အဖြစ် ကျင်းပမယ့် ဒုတိယအကြိမ်မြောက် Mrs Supermodel Worldwide 2023 ပြိုင်ပွဲကြီး စတင်ကျင်းပမှာလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကြီးကိုတော့ Myanmar Beauty Paradise Organization စေလွှတ်တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Mrs Supermodel Worldwide Myanmar 2023 Mrs မွန်းက ပြည်ပနိုင်ငံတွေဖြစ်တဲ့ မက္ကဆီကို၊ မလေးရှား၊ ရုရှား၊ ယူကရိန်း၊ ဩစတြေးလျ၊ နယူးဇီလန်အပါအဝင် နိုင်ငံပေါင်းစုံက ကိုယ်စားပြု အလှမယ် အသီးသီးနဲ့အတူ ပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။