၁၁. ၁၀. ၂၀၂၃
Written by Peya
ပဲခူးရေဘေးကြောင့် နေစရာ အခက်အခဲရှိသူများအနေဖြင့် လူတစ်ရာခန့် ခိုလှုံနိုင်မည့် ၎င်း၏ တိုက်ခန်းတွဲတွင် လာရောက်နေထိုင်နိုင်ကြောင်း တိုက်ခန်းပိုင်ရှင် ဦးမြင့်ကျော်က MT News သတင်းဌာနသို့ အောက်တိုဘာ ၁၁ ရက်တွင် ပြောသည်။
အဆိုပါ တိုက်မှာ ရန်ကုန် – မန္တလေး လမ်းဟောင်းဘေး၊ အင်းတကော်မြို့အထွက်က သာယာအေးကျေးရွာတွင် တည်ရှိခြင်းဖြစ်ကာ အထည်ချုပ်စက်ရုံ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“နေစရာလည်း အခမဲ့ပါ။ လူများတယ်ဆိုလည်း ချက်ကျွေးဖို့ စီစဉ်ထားပါတယ်။ လူတစ်ရာကျော်လောက် နေလို့ရတယ်။ ရေတက်လာရင် ရွာကလူတွေ နေလို့ ရအောင်လည်း မနေ့က ကျွန်တော် ရေကော မီးကော ဖြည့်ထားပါတယ်။ နောက် သောက်ရေအတွက် အရန်ရေပေးစနစ် လုပ်နိုင်ဖို့လည်း စီစဉ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ တိုက်ခန်းတွဲမှာ လေးထပ်ဖြစ်ပြီး တစ်ထပ်ကို ခြောက်ခန်း ရှိကာ တစ်ခန်းလျှင် မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာလည်း ပါကာ တစ်ထပ်လျှင် ၂၅ ယောက် ခန့် နေထိုင်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“အဆောက်အအုံက ကုန်းမြင့်မှာ ရှိပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် ပဲခူးမြို့၌ အချို့နေရာများတွင် ရေပြန်ကျပြီဟု သိရကာ တာဝန်ရှိသူများနှင့် ပရဟိတ အဖွဲ့အစည်းများကလည်း ရေဘေးသင့်ပြည်သူများကို ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည်။