MT News
၁၁. ၁၀. ၂၀၂၃
လှည်းကူးမြို့နယ်မှာ အောက်တိုဘာ ၈ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး အိမ်ခြေ ၁၀၀၀ ကျော်နဲ့ လူ ၄၀၀၀ ကျော်ကို ကူညီကယ်ဆယ်ထားရတယ်လို့ သိရပါတယ်။
လှည်းကူးမြို့ပေါ်ဆိုရင် ငမိုးရိပ်ချောင်းဝဲယာက အောင်မင်္ဂလာ၊ ရိပ်သာ၊ ပြည်တော်သာ၊ စျေးကြီး၊ မြို့မ စတဲ့ရပ်ကွက်ငါးခုစလုံးမှာ ရေကြီးရေလျှံနေတာကြောင့် ရပ်ကွက်တိုင်းကို ကယ်ဆယ်ရေးလုပ်ကိုင်ထားရပါတယ်။
လှည်းကူးမှာဆိုရင် မြို့ပေါ်တင်မက ရေဘေးသင့်နေတဲ့ရွာတွေပါရှိနေတာပါ။ ရွာတွေမှာဆို လှည်းကူးအဝင်က ကျွန်းကလေး၊ ဒရယ်ဖိုအပြင် ဖောင်ကြီးလမ်းတစ်လျှောက်လုံးက ရွာတွေအားလုံး ရေဘေးသင့်နေတာကြောင့် သက််ကြီးရွယ်အိုတွေ လုံးဝအပြင်ထွက်မရတဲ့ အခြေအနေဖြစ်နေတာလို့ သိရပါတယ်။
“လှည်းကူးမြို့ပေါ်ကို ရေတွေက တစ်ချို့နေရာမှာ ခါးလောက် ရင်စို့လောက်ရှိပါတယ်။ ကယ်ဆယ်ရေးတွေရောက်လာပေမဲ့လည်း တချို့နေရာတွေမှာ စားဝတ်နေရေးအခက်ကြုံနေရဆဲပါပဲ။ ငမိုးရိပ်ချောင်းနဲ့ ကပ်နေတဲ့နေရာတွေဆို အိမ်တွေကလည်း တံစက်မြိတ်အထိမြုပ်၊ လူတွေလည်း နေမရ၊ အခုထိလည်း ရေကပြန်မကျသေးပါဘူး” လို့ လှည်းကူးမြို့ခံ ပရဟိတအဖွဲ့ဝင်တစ်ဦးက MT News ရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုပါတယ်။
လက်ရှိမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေအဖြစ် လှည်းကူးမြို့နယ် ပညာရေးဒီဂရီကောလိပ်နဲ့ မိုးလုံလေလုံအားကစားကွင်းမှာ ဖွင့်လှစ်ထားရပါတယ်။ လက်ရှိမှာ ရေဘေးကယ်ဆယ်ဖို့ လှည်းကူးမြို့နယ်ကြက်ခြေနီအသင်းက အင်အားမလောက်တာကြောင့် အခြားမြို့နယ်၊ တိုင်း၊ ခရိုင်တွေက ကြက်ခြေနီတပ်ဖွဲ့ဝင်တွေကိုလည်း ထပ်မံအင်အားဖြည့်တင်းခေါ်ယူထားရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရဟိတအသင်းတွေနဲ့ မီးသတ်ဦးစီးဌာနကလည်း ကူညီပေးနေတယ်လို့ သိရပြီး အကူအညီတွေ ဆက်လက်လိုအပ်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ကျွန်းကလေး၊ ကျောက်ကုဒင်၊ စွယ်လပ်၊ ဇရပ်ကွင်း၊ ဖောင်ကြီး(အရှေ့)၊ စခန်းကြီး၊ ကြာအင်း၊ ကလီထော်(အနောက်)၊ ကလီထော်(အရှေ့)၊ မင်းကုန်း၊ ဖဲခမဲ၊ စာဘူးတောင်း၊ ငါးဆူတောင်၊ သူငယ်ချောင်း၊ အုန်းနှဲကုန်း ကျေးရွာတွေ ရေဝင်ရောက်မှုကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးက ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်ပြီး ကယ်ဆယ်ရေး ရေယာဉ် ၁၂ စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၇၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ပုံစာ။ လှည်းကူးမြို့ပေါ် ရေဝင်ရောက်နေမှုမြင်ကွင်းများ (ဓာတ်ပုံ – MFSD & Hlegu Information Center)