၁၁. ၁၀. ၂၀၂၃
Written by Peya
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အနီးကပ်လေ့လာ စောင့်ကြည့်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
လက်ရှိတွင် အစ္စရေးနိုင်ငံနှင့် ဟားမားစ်အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ပြင်းထန်နေချိန် အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောထားအမြင်ကို ယနေ့ အောက်တိုဘာ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်လာခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်မိပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအား အနီးကပ် လေ့လာစောင့်ကြည့်လျက်ရှိပြီး ပဋိပက္ခပိုမိုကြီးထွားလာမှု မဖြစ်စေရေးနှင့် လက်ရှိဖြစ်ပွားနေဆဲ တင်းမာမှုများကို လျှော့ချရေးတို့အတွက် သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းများအကြား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ဖော်ပြ ရေးသားထားခြင်း ဖြစ်သည်။
ထို့အပြင် ယီမင်နိုင်ငံအရေးနှင့် ပတ်သက်၍လည်း ယီမင်နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ၏ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ချက်များကို အသိအမှတ်ပြုလျက် မကြာမီကပြုလုပ်ခဲ့သည့် ဆော်ဒီအာရေဗျနိုင်ငံ၊ ဆက်သွယ်ရေးနှင့် ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့နှင့် ယီမင်နိုင်ငံမြို့တော် စနား(ရ်)မြို့မှ ကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံ ဆွေးနွေးမှုကိုလည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး ဆော်ဒီအာရေဗျ တော်ဝင်မင်းသား ခါလစ် ဘင် ဆယ်လ်မန် နှင့် စနား(ရ်)မြို့မှ ကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးမှုကိုလည်းကောင်း ကြိုဆိုကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ယီမင်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့ အစည်းများအားလုံးကို ယီမင်နိုင်ငံ၏ ကာလရှည်ကြာပဋိပက္ခအား အဆုံးသတ်ရေးနှင့် ရေရှည် တည်တံ့သည့်ငြိမ်းချမ်းရေး ရရှိနိုင်ရန် ကုလသမဂ္ဂ၏ ထောက်ခံမှုဖြင့် နိုင်ငံရေးနည်းလမ်းအရ အလုံးစုံအဖြေရှာရေးအတွက် တိုက်တွန်းကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်ကို တွေ့မြင်ရသည်။