၇. ၁၀. ၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒသကြီး ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက် မင်္ဂလာသီရိလမ်းတွင် အောက်တိုဘာ ၆ ရက် ညပိုင်းက သွပ်မိုး အုတ်ညှပ် ၂ ထပ်တိုက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘေးရှိ ၅ လွှာတိုက်၏ တိုက်ခန်း ၂ ခန်းပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ အောက်တိုဘာ ၆ ရက် ည ၈ နာရီ ၄၀ ခန့်က ၂ ထပ်တိုက်တွင် လူမရှိဘဲ ဂတ်စ်မီးဖိုဖြင့် ဟင်းအိုးတည်ခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မိနစ် ၂၀ ကြာလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ၂ ထပ်တိုက်နေအိမ်အပါအဝင် ဘေးရှိ ၅ လွှာတိုက်မှ မြေညီထပ်နှင့် ပထမထပ်တို့၏ အဆောက်အဦနှင့် အတွင်းပစ္စည်းများပါ မီးလောင်ဆုံးရှုံးခဲ့သည်။
“မီးက အရှိန်ပြင်းပြင်းနဲ့ကို လောင်တာ။ ခဏလေးနဲ့ကို ဘေးတိုက်ကိုပါ ကူးသွာတာ” ဟု မီးလောင်မှုကို ကိုယ်တိုင်မြင်တွေ့သူတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၁ စီး၊ ရေသယ်ယာဥ် ၅ စီး၊ အထောက်အကူပြုယာဥ်နှင့် ကွပ်ကဲမှုယာဥ် ၁ စီးစီဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ နီးပါးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အောက်တိုဘာ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒသကြီး၌ မီးလောင်မှု ၂ ကြိမ်နှင့် မီးလန့်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ရာ မီးလောင်မှု၂ ကြိမ်၌ ဒေါပုံတွင် ၁ ကြိမ်၊ ရန်ကင်း ၁၅ ရပ်ကွက် အောင်ဇေယျလမ်းရှိ ပြင်ဆင်ဆဲ ဘီယာဆိုင်တွင် မီးလောင်မှု ၁ ကြိမ်၊ မီးလန့်မှု ၁ ကြိမ်မှာ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ၁၆ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ -မီးသတ်တပ်ဖွဲ့)