၁၁. ၁၀. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ အိမ်တွင် အသတ်ခံခဲ့ရသော ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်းအသတ်ခံရမှုနှင့် ပတ်သက်ပြီး လူသတ်မှုကျူးလွန်ကာ ထွက်ပြေးလွတ်မြောက်သွားသူကို ဖမ်းမိနိုင်ရေးကူညီပေးရန် မြန်မာအာဏာပိုင်များကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က တောင်းဆိုလိုက်သည်။
ထိုင်းရဲတပ်ဖွဲ့က အသက် ၆၃ နှစ်အရွယ်ရှိ ဒိန်းမတ်နိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီးဟောင်း ဗီချစ် ချစ်ဗီမန်သည် ကြိုတင်ကြံစည်ကာ သတ်ဖြတ်ခံခဲ့ရပြီး အသက် ၁၉နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား စိုင်းမြတ်မိုးက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဓိက သံသယရှိကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။
ချင်းရိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရုံးအဖွဲ့အကြီးအကဲ ရဲမှူးကြီး Khemmachart Wattananaphakasem က စိုင်းမြတ်မိုးသည် ချင်းရိုင်ပြည်နယ် မဲဆိုင်နယ်စပ်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းပြီးနောက် လေယာဉ်လက်မှတ်ဝယ်ယူကာ ရန်ကုန်မြို့ကို ထွက်ပြေးခဲ့ကြောင်း ပြောသည်။ မြန်မာအာဏာပိုင်များအနေဖြင့် လူသတ်မှုကျူးလွန်သူအဖြစ် သံသယရှိနေသူကို ရှာဖွေဖမ်းဆီးနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လူသတ်မှုကျူးလွန်သူကို မကြာခင်ဖမ်းဆီးရမိမည်ဟု မျှော်လင့်ထားကြောင်း ရဲမှူးကြီး Khemmachart Wattananaphakasem က ပြောသည်။
ထိုင်း သံအမတ်ကြီးဟောင်းကို ဘန်ကောက်မြို့ Vibhavadi Rangsit 20 လမ်းရှိအိမ်ထဲတွင် ဝမ်းဗိုက် ဓားဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေခြင်းကိုတွေ့ရှိခဲ့ကြောင်း၊ ထိုင်းသံအမတ်ကြီးသည် အဆိုပါ နေအိမ်ကို စက်တင်ဘာ ၉ ရက်နေ့က ပြောင်းရွှေ့လာခဲ့ပြီး တစ်ဦးတည်းနေထိုင်နေသူဖြစ်ကြောင်း၊ လူသတ်မှုကျူးလွန်သူအဖြစ် သံသယရှိခံရသူသည် စက်တင်ဘာ ၁၉ ရက်နေ့နောက်ပိုင်းတည်းက သံအမတ်ကြီးအိမ်တွင် အလုပ်လာရောက်လုပ်ကိုင်နေခဲ့သူဖြစ်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်ကြီး Attapol Anusit က လူသတ်မှုကျူးလွန်သူသည် အိမ်ဆေးသုတ်သူတစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် သံအမတ်ကြီးဟောင်း၏အိမ်ကို စက်တင်ဘာ ၂၈ ရက်နေ့တွင်လာရောက်ခဲ့ပြီး သံအမတ်ကြီးကိုတိုက်ခိုက်ခဲ့ကာ ဓားဖြင့် ခြိမ်းခြောက်ပြီး သံအမတ်ကြီး၏ ATM ကတ်နံပတ်များကို တောင်းဆိုခဲ့ရာ ကတ်နံပတ်များရရှိချိန်တွင် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
လူသတ်မှုကျူးလွန်သူအဖြစ်သံသယရှိခံရသော စိုင်းမြတ်မိုးသည် လူသတ်မှုကျူးလွန်ခဲ့ပြီးနောက် ချင်းရိုင်ပြည်နယ်ကို ထွက်ပြေးခဲ့ကာ ထိုမှတစ်ဆင့် စက်တင်ဘာ ၂၉ ရက်နေ့တွင် မယ်ဆိုင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းကာ တာချီလိတ်မြို့ကို သွားရောက်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
Ref; ThaiRath