၁၁. ၁၀. ၂၀၂၃
Written by Pan Ei
အောက်တိုဘာ ၇ ရက်က စတင်ခဲ့တဲ့ အစ္စရေးကို ဟားမားစ်တို့ အံ့အားသင့်စွာ ရုတ်တရက် စတင်တိုက်ခိုက်မှုကြောင့် မြောက်ကိုရီးယားက အလားတူ တိုက်ခိုက်တွေပြုလုပ်မလားဆိုတဲ့အပေါ် တောင်ကိုရီးယားက စိုးရိမ်မှုတွေ တိုးလာတာကြောင့် ပြိုင်ဘက် မြောက်ကိုရီးယားကို ရှေ့တန်းစောင့်ကြည့်မှု ပြန်လည်ပြုလုပ်နိုင်ဖို့အတွက် ၂၀၁၈ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကို ဆိုင်းငံ့ထားမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
မနေ့က တောင်ကိုးရီးယားကာကွယ်ရေးဝန်ကြီး Shin Won-sik က ဆိုးလ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောကြားရာမှာ အစ္စရေးနဲ့ ဂါဇာရှိ အကြမ်းဖက်မှုတွေကြောင့် မြောက်ကိုရီးယားကို စောင့်ကြည့်တာ အားကောင်းဖို့ လိုအပ်ကြောင်းကို အလေးပေးဖော်ပြခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ လစ်ဘရယ်သမ္မတဟောင်း မွန်းဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ကြား သံတမန်ရေးအရ အတိုချုံးချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်ဟာ ကုန်းမြေနဲ့ ပင်လယ်နယ်နိမိတ်တစ်လျှောက် ကြားခံဇုန်တွေနဲ့ နယ်စပ်အထက် မပျံသန်းရဇုန်တွေ ဖန်တီးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကမှ အခုလက်ရှိတောင်ကိုရီးယား သမ္မတ Yoon Suk-yeol က အသစ်ခန့်အပ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး Shin Won-sik က မြောက်ကိုရီးယားဘက်က နျူကလီးယား ခြိမ်းခြောက်မှု ကြီးထွားလာချိန်မှာ တောင်ကိုရီးယားက လေကြောင်း စောင့်ကြည့်ခွင့်တွေကို အပြည့်အဝ အသုံးမပြုဖို့ တားမြစ်ထားတဲ့ ကိုရီးယား နှစ်နိုင်ငံ သဘောတူညီချက်ထဲမှာပါတဲ့ မပျံသန်းရဇုန်တွေကို အထူးဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် တနင်္လာနေ့က ထုတ်ဝေခဲ့တဲ့ တောင်ကိုရီးယား JoongAng Ilbo သတင်းစာက အယ်ဒီတာ့အာဘော်မှာလည်း ဟားမားစ်တို့ရဲ့ တိုက်ခိုက်မှုကို တားဆီးဖို့ အစ္စရေးရဲ့ ကျရှုံးခဲ့ရမှုကို သင်ခန်းစာယူဖို့ တောင်ကိုရီးယားကို တောင်းဆိုတာတွေ ပါဝင်ခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမားစ်တို့ စစ်ပွဲဖြစ်ပွားပြီး ၅ ရက်အကြာမှာတော့ နှစ်ဖက်စလုံးမှာ အနည်းဆုံး လူပေါင်း ၂၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကိန်းဂဏန်းတွေအရသိရပြီး ဒီစစ်ပွဲဟာ ပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
Ref; Aljazeera, AP