နှစ်ဖက်တိုက်ခိုက်မှုများအတွင်း သေဆုံး ဒဏ်ရာရသူများ တိုးလာ
၇. ၁၀. ၂၀၂၃
အစ္စရေးနိုင်ငံတောင်ပိုင်းကို အောက်တိုဘာ ၇ ရက် အရုဏ်တက်ချိန်တွင် ဟားမားစ်စစ်သွေးကြွများ ရာနှင့်ချီ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးမြို့များသို့ ဒုံးကျည်များထောင်နှင့်ချီ၍ပစ်ခတ်ခဲ့မှုကြောင့် အစ္စရေးနိုင်ငံအနေနှင့် ပါလက်စတိုင်းတို့နှင့်စစ်ပွဲဖြစ်ပွား နေပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ပြောကြားခဲ့သည်။
ဟားမားစ်စစ်သွေးကြွများ၏တိုက်ခိုက်မှုများကြောင့်အစ္စရေးနိုင်ငံအတွင်းသေဆုံးသူ အရေအတွက် အနည်း ဆုံး ၁၀၀ ခန့် ရှိပြီဖြစ်ကြောင်းနှင့် ဒဏ်ရာရသူ ၈၀၀ ဦးကျော်ရှိလာကြောင်း အစ္စရေးအစိုးရက အတည်ပြုခဲ့သည်။
ဝန်ကြီးချုပ် နေတန်ရာဟုက အစ္စရေးနိုင်ငံမှာစစ်ပွဲအတွင်းရောက်ရှိနေပြီဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံသားများအားလုံး စည်းလုံးညီညွတ်ကြရန်ပြောခဲ့ပြီး အစ္စရေး တပ်မတော်အနေနှင့် စိမ့်ဝင်ကျူးကျော်လာသော ရန်သူများအားလုံးကိုရှင်းလင်း၍ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်မှုကို ပထမအဆင့်ဆောင်ရွက်ကာ ဒုတိယအဆင့်အဖြစ် ဂါဇာအနေဖြင့် ဤကျူးကျော်မှုအတွက် ကြီးမားသောတန်ဖိုးပေးဆပ်ရမည်ဖြစ်ကြောငိးပြောခဲ့သည်။
အစ္စရေးဘက်ကလည်း နိုင်ငံ့တောင်ပိုင်းသို့ တပ်ကူများအလျင်အမြန်ဝင်ရောက်လာသည်ကိုတွေ့ရပြီး တစ်ချိန်တည်းတွင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး စစ်လေယာဥ်များက ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၆၀ ခန့် သေဆုံးခဲ့ကာ ဂါဇာရှိဆေးရုံများတွင် ဒဏ်ရာရသူများ ပြည့်နှက်နေကြောင်းလည်း ဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်များကဆိုသည်။
အမေရိကန် အစိုးရက အစ္စရေးအနေဖြင့် မိမိနိုင်ငံကို မိမိကာကွယ်နိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောခဲ့ကာ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ယူကရိန်းတို့က ပါလက်စတိုင်းဟားမားစ်အုပ်စုအား ထိုသို့ဝင်ရောက်တိုက်ခိုက်မှုအတွက် ရှုတ်ချခဲ့သည်။ အီရန်တာဝန်ရှိသူအရာရှိများကမူ ဟားမားစ်တို့၏ တိုက်ခိုက်မှုကို ချီးကျူးပြောကြားခဲ့သည်။
သတင်းအရင်းအမြစ်များအရ အစ္စရေးတောင်ပိုင်းသို့ ဂါဇာဒေသမှ စိမ့်ဝင်တိုက်ခိုက်လာသော ပါလက်စတိုင်းစစ်သွေးကြွ အနည်းဆုံး ၁,၀၀၀ ခန့်ရှိမည်ဟု သိရသည်။ ဂါဇာဒေသမှ အစ္စရေးနိုင်ငံအတွင်း ဟားမားစ်တို့က ဒုံးကျည်များဖြင့် ခုနှစ်နာရီခွဲခန့်ကြာအောင် ပစ်ခတ်ခဲ့ကြခြင်းဟုလည်း သိရသည်။
Ref; The Times of Israel, Al Jazeera