၁၀. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဟားမားစ်စစ်သွေးကြွအုပ်စုက အောက်တိုဘာ ၇ ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကာအစ္စရေးနိုင်ငံအတွင်း ဒုံးကျည်များဖြင့်လည်းပစ်ခတ်ခဲ့မှုများအတွင်း သေဆုံးခဲ့သည့် အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသားအရေအတွက်မှာ ၁၈ ဦးထိရှိလာပြီဖြစ်ကြောင်း ထိုင်းအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဂျတ်ကာပွန် ဆန်မာနီးက အောက်တိုဘာ ၁၀ ရက် နံနက်တွင် ပြောကြားခဲ့သည်။
ဂျတ်ကာပွန် ဆန်မာနီးက သေဆုံးသူများ၏ရုပ်အလောင်းများကို ထိုင်းနိုင်ငံသို့ပြန်လည်သယ်ဆောင်နိုင်ရန်မှာ အစ္စရေးတပ်ဖွဲ့များက သေဆုံးမှုများဖြစ်ပွားရာ နယ်မြေများကို ပြန်လည်သိမ်းပိုက်ပြီးသည်အထိ စောင့်ရလိမ့်ဦးမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ထို့မတိုင်မီတွင်မူ သေဆုံးသူများ၏ရုပ်အလောင်းများ ပြန်လည်ရောက်ရှိဖွယ်မရှိဟု ၎င်းကပြောခဲ့သည်။
ထို့ပြင် ၎င်းက အစ္စရေးနိုင်ငံအတွင်း အန္တရာယ်ရှိသည့်နယ်မြေများမှ ထိုင်းအလုပ်သမားများကို ကယ်တင်နိုင်ရန်လည်း ကြိုးစားနေကြောင်း၊ အစ္စရေးတွင် ထိုင်းနိုင်ငံသားအလုပ်သမား ၃၀,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၅,၀၀၀ ခန့်မှာ တိုက်ပွဲများဖြစ်ပွားနေသည့် နယ်မြေများအတွင်းဖြစ်ကြောင်းလည်း ပြောခဲ့သည်။
ယခုအခါတွင်အစ္စရေးရောက်ထိုင်းနိုင်ငံသား ၃,၀၀၀ ခန့်မှာ မိခင်နိုင်ငံသို့ ပြန်လာရန်ဆန္ဒပြုခဲ့ကြကြောင်း၊ ပထမဆုံးအုပ်စုက အောက်တိုဘာ ၁၂ ရက်တွင် ပြန်ရောက်လာကြမည်ဟုမျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံသား ၁၀၀ ခန့်ကမူ မိခင်နိုင်ငံသို့ ရုတ်ခြည်းပြန်မလာလိုကြဟုသိရကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
၎င်းက အစ္စရေးနိုင်ငံအတွင်းလေဆိပ်များအနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် စစ်လေယာဉ်များဆင်းသက်မှုကို ခွင့်မပြုသောကြောင့် ထိုင်းနိုင်ငံသားများ အိမ်ပြန်လာရေးလုပ်ငန်းစဉ်မှာ လေကြောင်းခရီးစဉ်များနှင့် စင်းလုံးငှားလေယာဉ်ပျံသန်းမှုများ အပေါ်တွင်သာ အားထားကြရမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
Ref, Bangkok Post