၁၀. ၁၀. ၂၀၂၃
Written by Peya
ဇလပ်ထော် ရေလှောင်တမံနှင့် ပတ်သက်၍ လိုအပ်သည်များကို ပြုပြင်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန် အသိပေးခဲ့သည်။
ပဲခူးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇလပ်ထော် ရေလှောင်တမံရှိ Spill Way ရေကျော်၍ ပျက်စီးမှု အနည်းငယ် ရှိခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကိုယ်တိုင် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပြုပြင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်အပေါ် အခြေခံကာ ရေများ ဇလပ်ထော်ချောင်းအတွင်းသို့ ဖောက်ထုတ်သွားမည်။ အနီးရှိ ရွာများ ရေကြီးမည် ဆိုသော သတင်းများမှာ မှားယွင်းကြောင်းလည်း ဖော်ပြထားသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ဇလပ်ထော်ရေလှောင်တမံ Spill Way ရေကျော်ပျက်စီးခဲ့မှုအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ရေပိုလွှဲဘောင်များ ထပ်မံတိုက်စားပျက်စီးမှုမရှိစေရေးနှင့် ရေတိုက်စားမှု ရေအားအရှိန် လျှော့ချနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်ဟုလည်း သိရသည်။