MT News
Written by Nay Moe
နိုဝင်ဘာ၁၀ရက်နေ့ နံနက်က PDF များ ဖမ်းဆီးသွားသည့် ပခုက္ကူမြို့မှ မတုတ်မ၏ အောင်ဆင်မင်း ဆိုင်ပိုင်ရှင် တပ်မတော်အရာရှိဇနီးအား ကွန်မန်ဒိုများဖြင့် ချက်ခြင်းကယ်တင်နိုင်ခဲ့သည်ဟု MT News ၏ စုံစမ်းမှုအရ သိရသည်။
“PDF တွေဖမ်းသွားတဲ့ တပ်မတော်အရာရှိဇနီးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပါပြီ” ဟု တပ်မတော်နှင့် နီးစပ်သည့် MT News ၏ သတင်းရင်းမြစ်က ပြောသည်။
ဖြစ်စဥ်မှာ ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်ရှိ မတုတ်မ၏ အောင်ဆင်မင်း လက်ဖက်အကြော်မျိုးစုံနှင့် စားသောက်ကုန်လုပ်ငန်း၏ သမီးဖြစ်သူ တပ်မတော်အရာရှိတစ်ဦး၏ ဇနီး မဟန်နွေဦးအား လက်နက်ကိုင်လူငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးက နိုဝင်ဘာ၁၀ရက်နေ့ နံနက် ၆ နာရီခွဲခန့်အချိန် ဆိုင်ဖွင့်နေစဥ်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
CCTV မှတ်တမ်းအရ ဒုတပ်ရင်းမှူး၏ ဇနီး မဟန်နွေဦးကို လာရောက်ဖမ်းဆီးခဲ့ကြသည့် PDF သုံးဦးမှာ ခြောက်လုံးပြူး၊ ပစ္စတိုများဖြင့် လာရောက်၍ FZ ဆိုင်ကယ်၊ 110 ဆိုင်ကယ်တို့ဖြင့် သေနတ်ထောက်ခေါ်ဆောင်သွားခဲ့ကာ ဖမ်းဆီးသူများမှာ Mask တပ်ထားမှုမရှိခြင်းကြောင့် တပ်မတော်မှ အလွယ်တကူစုံစမ်းနိုင်ခဲ့ပြီး မဟန်နွေဦးကို မြိုင်မြို့နယ်ရှိ တောင်တမံရွာတွင် ဖမ်းဆီးထားသည်သတင်းအရ တပ်မတော်မှ ရဟတ်ယာဥ်များ၊ ကွန်မန်ဒိုများဖြင့် သွားရောက်ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။
”ရဟတ်ယာဥ်တွေနဲ့ လက်နက်ကိုင်အများအပြားလာချပြီး ပတ်မွှေသွားတာတော့ ဟုတ်တယ်။ တောင်တမံရွာတော့ မဟုတ်လောက်ဘူးလားဘဲ” ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိတွင် မြိုင်မြို့နယ်တကြော၌ တပ်မတော်ရဟတ်ယာဥ်များ Mi-35 တိုက်ခိုက်ရေးယာဥ်များဖြင့် စစ်ဆင်ရေးဆက်လက်လုပ်ဆောင်နေသည်ဟုလည်း နိုဝင်ဘာ၁၀ရက်နေ့တွင် ဒေသခံများထံမှ စုံစမ်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်ကလည်း မုံရွာမှ ကျောမြို့သို့ သွားရောက်သည့် တပ်မတော်အရာရှိတစ်ဦး၏ ဇနီးဖြစ်သူကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုကြောင့် တပ်မတော်မှ ကွန်မန်ဒိုများဖြင့်လိုက်လံကယ်ဆယ်ရာ ၁၄ ရက်ခန့်အကြာ အောက်တိုဘာ ၂၅ ရက်တွင် ပြည်သူ ၂၆ ဦးနှင့်အတူ ကယ်ဆယ်နိုင်ခဲ့သော်လည်း ဖမ်းဆီးခံရစဥ် ညှင်းပန်းနှိပ်စက်မှုများကြောင့် မုံရွာစစ်ဆေးရုံတွင် ကုသပေးနေစဥ် အောက်တိုဘာ ၂၈ ရက်တွင် ကွယ်လွန်ခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။