MT News
Written by Tha Doe
Naypyitaw State Academy ကို အဆင့်မြင့်သည်ထက်မြင့်၊ ကောင်းသည်ထက်ကောင်းပြီး ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီး တစ်ခုအဖြစ် တက်လှမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း နိုဝင်ဘာ ၉ ရက်တွင် ကျင်းပသည့် Naypyitaw State Academy ဖွင့်ပွဲတွင် SAC ဥက္ကဋ္ဌက ပြောကြားသည်။
နေပြည်တော်၌ Naypyitaw State Academy ဖွင့်လှစ်ပြီးအဆင့်မြင့်ပညာရေးအတွက် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ၊ ကျောင်းများတွင်လည်း ပညာအဆင့်မြင့်သည်ထက် မြင့်မားလာအောင် ကြိုးပမ်းအားထုတ်ပြီး မြန်မာ့ပညာရေးကို မြှင့်တင်ပေးကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်မှ ဖွင့်လှစ်ပေးသည့် Naypyitaw State Academy တွင် အဆင့်အတန်း မြင့်မားသည့် ပညာရပ်များကိုသင်ယူပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိဒေသ၊ မိမိနိုင်ငံတော်အကျိုးတို့ကို သယ်ပိုးထမ်းဆောင်သွားကြရန် SAC ဥက္ကဋ္ဌက ပြောသည်။
Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များကဲ့သို့ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး ဖွဲ့စည်း တည်ထောင်ထားခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၏ မဟာဌာနကြီးများ ဖွဲ့စည်းထားရှိသည့်အတိုင်း ယခုတက္ကသိုလ်တွင်လည်း မဟာဌာနကြီးများ ဖွဲ့စည်းကျင့်သုံးထားသည်ကို တွေ့ရသည်။ မဟာဌာနကြီးများဖြစ်သည့် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာနနှင့် အားကစားပညာ မဟာဌာနများ ပါဝင်ဖွဲ့စည်းထားသည်။
Naypyitaw State Academy ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တတိယနှစ် သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည့်အပြင် ဘွဲ့လွန်တန်းများဖြစ်ကြသည့် မဟာတန်းများ၊ ပါရဂူတန်းများအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
ယနေ့ခေတ်တွင် ယခုဖွင့်လှစ်သည့် Naypyitaw State Academy ကို ထည့်သွင်းရေတွက်မည်ဆိုပါက ပညာရေးဝန်ကြီးဌာနအောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများအပါအဝင် စုစုပေါင်း ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး နေပြည်တော်တွင်လည်း Naypyitaw State Academy သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်တို့ရှိပြီး မကြခင်အချိန်တွင်လည်း နည်းပညာတက္ကသိုလ်အဆင့်တိုးမြှင့်မည့် တက္ကသိုလ်တစ်ခုပေါ်ထွက်လာမည်ဖြစ်၍ ပညာရေးမြို့တော်အဖြစ် လမ်းခင်းနေပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ဆိုသည်။
Naypyitaw State Academy ကို အရည်အသွေးမြင့်သည့် သင်ကြားသင်ယူမှုနည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီစာကြည့်တိုက်များ စသည့်လိုအပ်သော Facilities များ အပြည့်အစုံ ဖြည့်ဆည်းကာ စာသင်ကောင်းပြီး အမှန်တကယ်တော်သည့် ဆရာများက သင်ကြားကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များကဲ့သို့ ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်အောင် ဖွင့်လှစ်တည်ထောင် မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီမှ အနည်းဆုံးတက္ကသိုလ်တစ်ခုတွင် ပါရဂူဘွဲ့ချီးမြှင့်သည့် သင်တန်းတစ်ခုအနည်းဆုံး ဖွင့်လှစ်ရန်နှင့် ယင်းပါရဂူဘွဲ့သင်တန်းဖွင့်လှစ်သည့် တက္ကသိုလ်တစ်ခုစီကိုလည်း တက္ကသိုလ်အင်္ဂါရပ်များ ပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ပါရဂူတန်း ဖွင့်လှစ်သည့် တက္ကသိုလ်ကြီးများ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ဖြစ်လာစေရေး ကြိုးပမ်းသွားကြရန်နှင့် လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းက အရှေ့တောင်အာရှတွင် ဂုဏ်သတင်းကြီးမားခဲ့သည့် ရန်ကုန်တက္ကသိုလ်ကဲ့သို့ တက္ကသိုလ်အဆင့်အတန်းအထိ မြင့်မားတိုးတက်အောင် ကြိုးစားအားထုတ်ကြရန် လည်း SAC ဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။