၇. ၁၀. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိလူ့အဖွဲ့အစည်းများသည် အပူချိန်လွန်ကဲခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးခြင်း၊ မုန်တိုင်းဒီရေတက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ အပါအဝင် သဘာဝဘေး အန္တရာယ်များ ကြုံတွေ့နေရပြီး ရာသီဥတုပြောင်းလဲမှုနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာသက်ရောက်မှုများမှ ကလေးများနှင့် လူငယ်များကို ကာကွယ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော UNICEF ၏ ကမ္ဘာလုံးဆိုင်ရာနောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ဘေးအန္တရာယ်မကျရောက်မီ၊ ကျရောက်ကာလအတွင်းနှင့် ဘေးအန္တရာယ်များအပြီးတွင် ၎င်းတို့၏ အားနည်းချက်များကို ဖြေရှင်းပေးနိုင်ရန် ခံနိုင်ရည်ရှိပြီး သယ်ဆောင်ရလွယ်ကူသော အထောက်အပံ့ပေးဝန်ဆောင်မှုများကို ဒီဇိုင်းဖော်ထုတ်လုပ်ဆောင်လျက်ရှိနေကြောင်းလည်း UNICEF Myanmar က ဆိုသည်။
မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးခြင်းများကြောင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ကလေးငယ်ပေါင်းအားလုံး၏ ၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သော ကလေးငယ်ပေါင်း ၄၃၀၀၀၀ ကျော် နေရပ်စွန့်ခွာနေထိုင်ခဲ့ရကြောင်း UNICEF ၏ ကမ္ဘာလုံးဆိုင်ရာနောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သော ခြောက်နှစ်အတွင်း ကမ္ဘာတဝှမ်းတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှု၊ မုန်တိုင်း၊ တောမီးလောင်မှုများ၊ အပူချိန်လွန်ကဲခြင်းများကြောင့် တစ်ရက်ကို ကလေးငယ်ပေါင်း ၂၀၀၀၀ ခန့်သေဆုံးခဲ့ရကြောင်း UNICEF အဖွဲ့ကပြောသည်။
မြန်မာနိုင်ငံရှိ ကလေးငယ်များသည် သဘာဝဘေး အန္တရာယ်ဒဏ်အပြင် အာဏာအငြင်းပွားမှုများကြောင့်ဖြစ်ပေါ်လျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေထိုင်ရမှုကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုသည်။ မြန်မာနိုင်ငံ၏ဒေသတွင်းအိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့ရှိ ကလေးငယ်များသည် အပူချိန်လွန်ကဲခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးခြင်း၊ မုန်တိုင်းဒီရေတက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် နေရပ်စွန့်ခွာရမှုအများဆုံးနိုင်ငံများထဲတွင် ပါဝင်နေကြောင်း သိရသည်။
Ref; UNICEF