၇. ၁၀. ၂၀၂၃
Written by Pan Ei
၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အီရန် အမျိုးသမီးတွေ ဖိနှိပ်ခံရမှု တိုက်ဖျက်ရေးအတွက် လှုပ်ရှားသူတစ်ဦးဖြစ်ပြီး ထောင်ဒဏ်နှစ်ပေါင်းများစွာ ချမှတ်ခံထားရတဲ့ နာဂတ်စ် မိုဟာမာဒီက ရရှိခဲ့တယ်လို့ နော်ဝေ နိုဘယ်လ်ဆုချီးမြှင့်ရေးကော်မတီကနေ အောက်တိုဘာ ၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
“ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတွေကို ပစ်မှတ်ထား ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုဆိုင်ရာ မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့လူတွေကို အသိအမှတ်ပြုဖို့အတွက်လည်းဖြစ်တယ်” လို့ မိုဟာမာဒီကို နိုဘယ်ဆုချီးမြှင့်ဖို့ ရွေးချယ်ခဲ့တဲ့အပေါ် နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက ပြောကြားခဲ့ပါတယ်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို လှုံ့ဆော်ပေးခဲ့ပြီး အစ္စလာမ္မစ်သမ္မတနိုင်ငံကို ပြစ်တင်ရှုံ့ချခဲ့ကာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ထောက်ခံခဲ့တဲ့ နာဂတ်စ် မိုဟာမာဒီဟာ အီရန်အစိုးရဆီမှာ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ၁၃ ကြိမ် ဖမ်းဆီးခံခဲ့ရပြီး ၅ ကြိမ် ပြစ်ဒဏ်ချမှတ်ခဲ့ရသလို စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ်နဲ့ ကြိမ်ဒဏ် ၁၅၄ ကြိမ် ချမှတ်ခံခဲ့ရတယ်လို့ နော်ဝေနိုဘယ်လ်ကော်မတီ ဥက္ကဋ္ဌ Berit Reiss-Andersen ရဲ့ အခမ်းအနားမှာ ပြောကြားချက်အရ သိရပါတယ်။
အခုလက်ရှိ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ မိုဟာမာဒီဟာ သူမရဲ့ ခင်ပွန်းနဲ့ သားသမီးတွေကို တွေ့ခွင့် ပိတ်ပင်ခံထားရကာ “ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု” အတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ သူမက ပြောကြားခဲ့တယ်လို့ မိသားစုတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ မိုဟာမာဒီရဲ့ခင်ပွန်းဖြစ်သူ Taghi Rahmani ကလည်း “ဒီဆုက နာဂတ်စ် အတွက်တင် မဟုတ်ပါဘူး။ အီရန်ပြည်သူအားလုံးအတွက်ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
သူမဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိသူတွေထဲမှာ ၁၉ ယောက်မြောက် အမျိုးသမီးဖြစ်လာခဲ့ပြီး အီရန်အစိုးရကတော့ အဆိုပါ နိုဘယ်လ်ဆုကို ရှုတ်ချခဲ့ကာ ဒါဟာ “ဘက်လိုက်မှုနဲ့ နိုင်ငံရေးအရ လှုံ့ဆော်မှု” ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
Ref; CNN; Reuters