၆. ၁၀. ၂၀၂၃
Written by Nay Aung
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများနှင့် မလေးရှားရဲတပ်ဖွဲ့တို့သည် အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီကျော်က ဂျိုဟိုးပြည်နယ် ဂျိုဟိုးဘာရူးမြို့ရှိ အနှိပ်ခန်းများနှင့် Spaများကို ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာ နိုင်ငံသား ၆ ဦးအပါအဝင် နိုင်ငံခြားသား ၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဂျိုးဟိုးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်များအရ စီးနင်းမှုအတွင်း အဆိုပါ အနှိပ်ခန်းများနှင့် Spa များတွင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၆ ဦး၊ထိုင်းနိုင်ငံသား ၁၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၅ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။ဖမ်းဆီးခံရသူများထဲတွင်ပါဝင်ခဲ့သော မြန်မာနိုင်ငံသား ၆ဦးအနက် သုံးဦးက အမျိုးသမီးများဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများကပြောသည်။
မလေးရှားရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများသည် သတင်းပေးတိုင်ကြားချက်ကို လက်ခံရရှိခဲ့ပြီးနောက် စီးနင်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသား၆ ဦးအပါအဝင် နိုင်ငံခြားသား ၃၂ ဦးသည် မလေးရှားနိုင်ငံသို့ ယာယီခရီးသွားကတ်ဖြင့် ဝင်ရောက်လာပြီး အနှိပ်ခန်းနှင့် Spa များတွင် တရားမဝင်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက “အဲဒီဖမ်းဆီးခံရသူတွေဟာ ယာယီခရီးသွားကတ်နဲ့ဝင်ရောက်ခဲ့တာ ဖြစ်ပေမယ့် ယာယီခရီးသွားကတ်ကို အလွဲသုံးစားလုပ်ပြီး လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတယ်” ဟုပြောသည်။
မလေးရှားအလုပ်ရှင်များအနေဖြင့်လည်း နိုင်ငံထဲကို ယာယီခရီးသွားကဒ်ဖြင့် ဝင်ရောက်လာသူများကို အလုပ်မခန့်စေလိုကြောင်း မလေးရှားအာဏာပိုင်များကပြောသည်။ မြန်မာနိုင်ငံသား ၆ ဦး အပါအဝင် ၃၂ ဦးတို့အပြင် ၎င်းတို့၏အလုပ်ရှင်ဖြစ်သော မလေးရှားနိုင်ငံသား ၃ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref; Jabatan Imigresen Malaysia Negri Johor