၆. ၁၀. ၂၀၂၃
Written by Hey Mar
နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အသားတိုးကြက်စာနဲ့ ကြက်သားပေါက် ဖြန့်ချိတဲ့ကုမ္ပဏီကြီးတွေ၊ ပြည်တွင်း အသားတိုးကြက်စျေးကွက်ထဲ ဝင်ရောက်ကာ မွေးမြူရေးပါ တွဲဖက်လုပ်ကိုင်လာတဲ့အတွက် တစ်နိုင်တစ်ပိုင် ကြက်ခြံသမားတွေ စျေးကွက်မယှဥ်ပြိုင်နိုင်ဘဲ အရှုံးပေါ်နေတယ်လို့ လက်ရှိမှာ အသားတိုးကြက်စျေး ထိုးကျလာရတဲ့ အကြောင်းအရင်းနဲ့ပတ်သတ်လို့ ကြက်မွေးမြူရေး လုပ်ငန်းရှင်တချို့က MT News ကို ပြောပါတယ်။
ပြည်တွင်းစျေးကွက်မှာ စားသုံးမှုများတဲ့ အသားတိုးကြက်စျေးက ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အသားတစ်ပိဿာ ကျပ် ၁၂၀၀၀ ကနေ ကျပ် ၇၀၀၀၊ အကောင်လိုက်စျေး တစ်ပိဿာ ကျပ် ၁၀၀၀၀ ကနေ ကျပ် ၅၀၀၀ အထိ လက်လီစျေးကွက်မှာ ပြုတ်ကျလာပြီး၊ ဒိုင်ကထုတ်တဲ့ အရှင်စျေးက ကျပ် ၃၆၀၀ အထိ ကျဆင်းသွားတာပါ။ အခု အောက်တိုဘာလ ပထမအပတ်မှာ အနည်းငယ် ပြန်တက်ပေမယ့် လက်လီစျေးမှာ အသား ကျပ် ၈၀၀၀ စျေးနဲ့ အကောင်လိုက်စျေး ကျပ် ၅၅၀၀ ပါ။
သိမ်ကြီးစျေး အောင်မြင်သူ ကြက်မျိုးစုံ ရောင်းဝယ်ရေးက “စျေးလည်းကျတယ်။ ပိဿာချိန်လည်း စီးတယ်။ တစ်ကောင်ကို တစ်ပိဿာခွဲ၊ နှစ်ပိဿာ တင်တယ်။ သုံးပိဿာ နီးနီး အကောင်တွေလည်း ရှိတယ်။ စျေးပြန်ကျနေပါပြီ။ ပြီးခဲ့တဲ့ လဆန်းလောက်ကအထိ သောင်းကျော် ပေးရတဲ့ ကြက်သားစျေး လလယ်လောက်ကတည်းက ထိုးကျလာတာ။ ဒိုင်မှာ လည်း ကြက်ကို ပုံနေတာပဲ”လို့ အရင်ကထက် အကောင်ပိုကြီးလာပြီး စျေးပြန်လည် တည်ငြိမ်လာတဲ့အပေါ် ပြောပြပါတယ်။
CP ကြက်လို့ ခေါ်တဲ့ အသားတိုးကြက်က ပြည်တွင်းမှာ အခြေခံလူတန်းစား စားကုန်ဖြစ်သလို၊ အခြား သား ငါးတွေထက် စျေးသက်သာပြီး အရောင်းသွက် ထုတ်ကုန်လည်းဖြစ်ပါတယ်။ ပြည်တွင်း မွေးမြူမှုပုံစံက ကြက်မွေးမြူရေးခြံ သီးသန့်ထက် ကြက်နဲ့ ငါးကန်တွဲဖက်မွေးမြူတဲ့ စနစ်နဲ့ မွေးမြူထုတ်လုပ်ကြတာပါ။ ကြက်စာ ဖိုးသာကုန်ကျပြီး ငါးကန်ပေါ်မှာ ကြက်ခြံ တည်ဆောက်ထားတဲ့အတွက် ကြက်ရဲ့ မစင်ကို ပြန်စားတဲ့ ငါးအတွက် အစာသီးသန့် ထည့်စရာ မလိုဘဲ နှစ်သီးစားဝင်ငွေ ရှာနေတာပါ။
သန်လျင်က ကြက်မွေးမြူရေးခြံမှ လုပ်ငန်းရှင် ကိုဖိုးထူးကIကြက်ခြံ ငါးကန် တွဲမွေးတဲ့ သူတွေက ကြက်မှာ ရှုံးနေပေမယ့် ငါးက ထွက်နေတော့ ခံသာသေးတယ်။ ကြက်ခြံ သီးသန့်သမားတွေက မကိုက်တော့ဘူး။ ဘာလို့လဲဆိုရင် ကုမ္ပဏီကြီးတွေက အရင်က ကြက်ပေါက်ရောင်းတယ်။ အစာရောင်းတယ်။ အဲ့ဒါပဲ လုပ်တယ်။ အခု ကြက်ပေါက်ရော၊ အစာရော၊ မွေးဘက်ပေးပြီးကြက်မွေးတာရော၊ ကိုယ်တိုင် ကြက်ခြံတည်ထားတာရော လုပ်လာကြတော့ အင်အားမှာ ပြည်တွင်းက တစ်နိုင်တစ်ပိုင်တွေက သူတို့ကို မယှဉ်သာတော့ဘူး။ ပြုတ်သွားတဲ့ ကြက်ခြံတွေ သန်လျင်မှာ အတော်များတယ်။ တခြားနေရာတွေမှာလည်း ရှိတယ်။ Local က တစ်သုတ်ရှုံးရင် နောက်တစ်သုတ် ထပ်မထည့်နိုင်ဘူး” လို့ MT News ကို ပြောပါတယ်။
ကြက်သားစျေး ကျနေပေမယ့် ကြက်ပေါက်စျေးကို ကုမ္ပဏီတွေက ချမပေးဘဲ ဆွဲတင်ထားတာကလည်း တစ်နိုင်တစ်ပိုင်ပြည်တွင်းက ကြက်ခြံတွေအတွက် အထိနာစေတဲ့ အချက်ပါ။ ကြက်ပေါက်တစ်ကောင်က်ို ၁၁၅၀ ကျပ် နဲ့ ၄၅ ရက်သားအထိ ကုန်ကျစရိတ်က ပျမ်းမျှ တစ်ပိဿာကို ကျပ် ၇၀၀၀ နီးပါး ကျသင့်ပေမယ့် စျေးကွက်ပေါက်စျေးက ကျပ် ၅၅၀၀ မို့ ကျပ် ၁၅၀၀ နီးပါး အရှုံးခံ ထုတ်လုပ်နေရတယ်လို့ ကြက်ခြံလုပ်ငန်းရှင်တချို့က ရှင်းပြပါတယ်။
“ကြက်ငါးတွဲမွေးတဲ့ လုပ်ငန်းရှင်တွေကကြတော့ ငါးစာအတွက် ကြက်က မပြတ်ထည့်နေလို့ ကြက်ထုတ်လုပ်မှုရှိနေတယ်။ အဲ့ဒါကြောင့် ကြက်ပေါက်က စျေးမကျဘူး။ စျေးကောင်းနေပြီး အသားစျေးကကြတော့ ပြည်တွင်းစားသုံးနိုင်မှုနဲ့ ပိုနေလို့ စျေးကျလာတယ်။ ကုမ္ပဏီကြီးတွေက စျေးကွက်မရှာဘဲ ပြည်တွင်းစျေးကွက်ကို ဝင်တိုးတာကြောင့် ပြည်တွင်းခြံတွေ လုပ်ငန်းမကောင်ဘူး” လို့ ကိုဖိုးထူးက ပြောပါတယ်။
ပြီးတဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး အသားတိုးကြက်သားစျေးက လျင်လျင်မြန်မြန်ခုန်တက်ကာ ကြက်စျေးကွက်မှာ စျေးကောင်းတဲ့ ဗမာကြက်စျေးအတိုင်း တစ်ပိဿာကို သောင်းကျော်အထိ ရောက်ရှိလာပြီး အခု ၂၀၂၃ ခုနှစ် သြဂုတ်လအထိ စျေးကောင်းနေခဲ့ရာကနေ ယခင်စျေးအတိုင်း ကျပ် ၄၀၀၀၊ ၅၀၀၀ ဝန်းကျင်ကို ပြန်ကျလာတာပါ။ ပြည်တွင်းမှာ ကြက်သားပေါက် ကြက်စာအပြင် အသားတိုးကြက်မွေးမြူရေးပါ လုပ်ကိုင်လာတဲ့ ကုမ္ပဏီကြီးတွေက အများသိတဲ့ C.P အပါအဝင် ကုမ္ပဏီကြီး ၁၀ ခုခန့်ရှိတယ်လို့ သိရပါတယ်။