၆ .၁၀. ၂၀၂၃
Written by Hey Mar
ဆယ်ကျော်သက်အရွယ် လူငယ်ယောကျာ်းလေး သုံးဦး ကန်အတွင်း လှေလှော်ကစားရင်း လှေစီးရာက လှေတိမ်းမှောက်ပြီး တစ်ဦးရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဥ် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့မှာ မနေ့က အောက်တိုဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ကူညီရှာဖွေကယ်ဆယ်ခဲ့တဲ့ ဒေသခံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဥ်မှာ မနေ့က အောက်တိုဘာ ၅ ရက် နေ့လည် ၁ နာရီအချိန်ခန့်က ညောင်ရွှေမြို့အဝင် တိလောကျေးရွာရှိ သာစည်ကန်အတွင်း အဆိုပါ ဆယ်ကျော်သက်အရွယ်လူငယ်သုံးဦးလှေမှောက်ပြီး ရေနစ်နေတယ်လို့ အများပြည်သူတွေရဲ့ အကြောင်းကြားချက်အရ ရှာဖွေကယ် ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကယ်ဆယ်ခဲ့ရာ အသက် ၁၃ နှစ်အရွယ်နဲ့ အသက် ၁၅ အရွယ် လူငယ်နှစ်ဦးက လှေကိုဖက်တွယ်ထားတာကြောင့် ကယ်ဆယ်ရရှိခဲ့ပြီး၊ အသက် ၁၆ နှစ်အရွယ်တစ်ဦးကိုတော့ ရေနစ် သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ရွှေမေတ္တာအသင်းကတော့ မီးသတ်က ရုပ်အလောင်းသယ်ပေးပါဆိုပြီး ဖုန်းဆက်လာလို့ သွားသယ်ပေးခဲ့ပါတယ်။ ကလေးတွေကို အဓိက ကူညီဆယ်ယူခဲ့တာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အနီးအနားက စားသောက်ဆိုင်က လူတွေပါ။ သာစည်ကန်က ညောင်ရွှေမှာ နာမည်ကြီး မြို့အဝင် မင်္ဂလာကန်ပါ။ ညနေခင်း အပန်းဖြေစရာ နေရာလေးတွေလည်း ရှိတယ်။ လှေက အပျော်စီးလှေမဟုတ်ဘူး။ ကန်ထဲက အမှိုက်ဆယ်တာနဲ့ ငါးဖမ်းတဲ့လှေပါ။ တစ်စီး နှစ်စီးပဲ ရှိတတ်တယ်။ အခုလှေကလည်း ကလးတွေက ဆော့ရင်း လှေကို လှုပ်ရာက စောင်းပြီး မှောက်တယ်လို့ ပြောတယ်”လို့ မြေပြင် ကူညီခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။
ရေနစ်သေဆုံးသူ ဆယ်ကျော်သက်လူငယ်ရဲ့ ရုပ်အလောင်းကို နာရီပိုင်းအတွင်းရှာဖွေတွေ့ရှိခဲ့ပြီး ၊ ရွှေမေတ္တာလူမှုကူညီရေးအသင်းယာဥ်နဲ့ ညောင်ရွှေပြည်သူဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ညောင်ရွှေမြို့နယ် မီးသတ်တပ်ဖွဲ့