၇. ၁၀. ၂၀၂၃
Written by Ye Kyaw
ပြည်ပနေနိုင်ငံသားများ၏ လစာဝင်ငွေအခွန်ကို နည်းလမ်း ၂ မျိုးဖြင့် တွက်ချက် ကောက်ခံသွားမည်ဖြစ်ပြီး ယင်းအနက် အနည်းဆုံးအခွန်ပမာဏဖြင့်သာ ပေးဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာထားသည်။
ယခင်က ပြည်ပနေနိုင်ငံသားများ၏ ပြည်ပနိုင်ငံတွင် နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုခဲ့ခြင်းအား ၂၀၂၃ ခုနှစ် ပြည်ထောင်စုအခွန်ကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှစ၍ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
ကောက်ခံသွားမည့် နည်းလမ်း ၂ မျိုးမှာ ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့် သက်သာခွင့်များအား နုတ်ပယ်ပြီး ဝင်ငွေအလွှာအလိုက် အခွန်နှုန်းထားဖြင့် တွက်ချက်ခြင်းနှင့် ဝင်ငွေအခွန်ဥပဒေအရ ခွင့်ပြုထားသည့် သက်သာ ခွင့်များအား နုတ်ပယ်ခြင်းမပြုဘဲ အခွန်နှုန်း ၂ ရာခိုင် နှုန်းဖြင့် တွက်ချက်ခြင်းနည်းလမ်းတို့ဖြင့် ကောက်ခံသွားမည်ဖြစ်သည်။
အထက်ပါနည်းလမ်း ၂ မျိုးဖြင့် တွက်ချက်ပြီး ရရှိသည့်အခွန်ပမာဏ ၂ ရပ်အနက် အနည်းဆုံးအခွန်ပမာဏဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး လစာဝင်ငွေခွန်ကို မိမိရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့်သာ ပေးဆောင်ရမည်ဖြစ်သည်။
သာမန်အားဖြင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးတွင် Passport သက်တမ်းတိုးချိန်၌ ပေးဆောင်ရမည်ဖြစ်သော်လည်း မိမိ၏လစာဝင်ငွေနှင့်စပ်လျဉ်း၍ အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသူများအနေဖြင့် လစဉ် (သို့မဟုတ်) သုံးလတစ်ကြိမ် (သို့မဟုတ်) နှစ်စဉ် သက်ဆိုင်ရာသံရုံးတွင် ပေးဆောင်လိုပါက ပေးဆောင်နိုင်မည်ဖြစ်သည်။
ပြည်ပနေနိုင်ငံသားများ၏ လစာဝင်ငွေအခွန်ပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ်အား တင်ပြ၍ အထောက်အထားလက်မှတ်ပါ ဝင်ငွေပမာဏကို ဝင်ငွေရလမ်း (အရပ်အခေါ် “ငွေဖြူ”) အဖြစ် ခံစားခွင့်ရှိမည်ဖြစ်ပြီး အထောက်အထား တင်ပြနိုင်သည့် ပမာဏအထိ ဝင်ငွေအခွန်သင့်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။
ပြည်ပနေနိုင်ငံသားများ လစာငွေအပေါ် အခွန်ပေးဆောင်ခြင်းနှင့်စပ်လျဉ်း၍ ပိုမိုပြည့်စုံစွာသိရှိလိုပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုရုံး (ရန်ကုန်) ဖုန်း ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ဖုန်း ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ဖုန်း ၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၈ သို့ ရုံးချိန်တွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးထားသည်။