၆. ၁၀. ၂၀၂၃
Written by Ye Kyaw
ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ပို့ကုန်လုပ်ငန်းရှင်များ ကုန်သွယ်ရေးဦးစီးဌာနမှ အကြောင်း ကြားပြီးသည့်တိုင် နှစ်ပတ်အတွင်း ပြန်လည်ဝင်ရောက် လာခြင်းမရှိပါက ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် လိုင်စင်အား ပိတ်သိမ်းမည့်အပြင် နိုင်ငံခြားသုံးငွေစီမံခန့်မှုဥပဒေအရလည်း အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အောက်တိုဘာလ ၆ ရက်တွင် အသိပေးကြေညာထားသည်။
အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်းများအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ၄၅ ရက်အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်းလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၂ ဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါသတ်မှတ်ချက်အရ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့် စပ်လျဉ်း၍ စိစစ်ဆောင်ရွက်သွားနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ပပို့ကုန်တင်ပို့ပြီးနောက် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပေးသွင်းရန်ကျန်သည့် ကုမ္ပဏီစာရင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ခြင်း၊ တစ်ချိန်တည်းတွင် သက်ဆိုင်ရာ AD ဘဏ်များသို့ အကြောင်းကြားခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
ကုန်သွယ်ရေးဦးစီးဌာနသည် အဆိုပါကုမ္ပဏီစာရင်းကို ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းနိုင်ရေးအတွက် UMFCCI သို့ ထပ်ဆင့်အကြောင်းကြားခြင်း၊ ကုန်သွယ်ရေးဦးစီးဌာနက ကုမ္ပဏီများသို့ အသိပေးအကြောင်းကြားပြီးနောက် နှစ်ပတ်အတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများကို ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ပိတ်သိမ်းမည်ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ကြောင်း စာရင်းရှင်းလင်းပြီးသည့် ကုမ္ပဏီများစာရင်းကို ကုန်သွယ်ရေးဦးစီးဌာနသို့ အကြောင်းကြားလာပါက ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် ပြန်လည်ဖွင့်လှစ်ပေးခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ်သည်။
ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ပိတ်သိမ်းပြီးသည့်တိုင် စာရင်းရှင်းလင်းမှုမရှိသည့် ကုမ္ပဏီများအား ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂-က အရလည်း အရေးယူသွားမည်ဖြစ်သဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း အပြီးပေးချေသွားကြရန် ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တရုတ်နှင့် ထိုင်းနယ်စပ်ရှိ ပို့ကုန်လုပ်ငန်းရှင်များကို နယ်စပ်မှ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်မှုမရှိသောကြောင့် ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်နေသဖြင့် အဆိုပါနယ်စပ်ရှိ ပို့ကုန်လုပ်ငန်းရှင်အချို့ တရုတ်နှင့် ထိုင်း နှစ်နိုင်ငံအနက် နီးစပ်ရာနိုင်ငံသို့ သွားရောက်တိမ်းရှောင်နေရကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။