၆. ၁၀. ၂၀၂၃
written by KL
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာအနီး၊ ဆင်ဖြူတောင်တော်ရှိ ကျင်းဟောင်းတွင်အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းက အမျိုးသား ၃ ဦး ရွှေတူးရာမှ တွင်းဟောင်းပြိုကျပြီး ၃ ဦးလုံး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့်အသင်းထံမှ သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာအနီး၊ ဆင်ဖြူတောင်တော်ရှိ ကျင်းဟောင်းအတွင်းသို့ အမျိုးသား ၃ ဦး ဝင်ရောက်၍ ရွှေတူးဖော်ရာမှ မြေပြိုကျပြီး လူပိတ်မိကာ အမျိုးသားနှစ်ဦးနေရာတွင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦးကို ပျဥ်းမနား ကုတင် ၂၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။
သေဆုံးသူ နှစ်ဦးမှာ အသက်၂၄ နှစ်အရွယ် အမျိုးသားနှင့် အသက် ၅၀ အရွယ် အမျိုးသားတို့ဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သော အသက် ၃၅ နှစ်အရွယ် အမျိုးသားမှာလည်း ဆေးရုံရောက်ပြီး ၁ နာရီအကြာတွင် သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် ကယ်ဆယ်ရေး အသင်းဝင်တစ်ဦးကပြောသည်။
“မြေပြိုကျတဲ့ကျင်းက ပိတ်ထားတာကြာပြီ။ မြေပြိုကျချိန် အပေါက်ပိတ်သွားတဲ့အခါမှာ အောက်စီဂျင်ပြတ်လို့သေဆုံးသွားတာရှိသလို မြေစာတွေ ပိမိလို့ သေဆုံးသွားသူလည်းရှိတယ်” ဟု မြေပြိုမှုကို သွားရောက်ကြည့်ရှုခဲ့သော ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မြေပြိုမှုကြောင့် လူပိသေဆုံးမှုကို ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – မိုးစေတနာပရဟိတအသင်း