၆. ၁၀. ၂၀၂၃
Written by Tha Doe
ယမန်နေ့ညက ဖြစ်ပွားခဲ့သော KSD EV ယာဥ်ကို အားသွင်းထားစဥ်မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် သွားရောက်စစ်ဆေးရာ အဆိုပါယာဥ်အား 660 cc အင်ဂျင်၊ ဝါယာရိန်းများ စသည်ဖြင့် ပြောင်းလဲတပ်ဆင်၍ လောင်ကျွမ်းရခြင်းဖြစ်သည်ဟု KHAING KHAING SANGDA GROUP LIMITED မှ ယနေ့တွင် အသိပေးချက်ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၌ အောက်တိုဘာ ၅ ရက် ည ၁၁ နာရီခန့်တွင် KSDV1-NE1 အမျိုးအစား (3S/——) ယာဥ် မီးလောင်မှုဖြစ်ပွားခဲ့၍ ယနေ့တွင် KHAING KHAING SANGDA GROUP LIMITED မှ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် KSDV1-NE1 ယာဥ်အား Company မှ ရောင်းချစဥ် Battery ကုန်ပါက အားသွင်းရန်နေရာသို့ သွားရောက်ရန် (10-15 Kilometer) ခန့် မောင်းနှင်အသုံးပြုနိုင်မည့် (200 cc) မီးစက်အင်ဂျင်အသေးတစ်လုံးတပ်ဆင်ပေးထားခဲ့သည်ဟု သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် (3S/——–) ယာဥ်တွင် Customer မှ မိမိသဘောဖြင့် 660 cc အင်ဂျင်နှင့် ဂီယာဘောက် တပ်ဆင်ပြီး၊ Battery Charging သွင်းသည့်စနစ်နှင့် ဝါယာရိန်းစနစ်အား ပြောင်းလဲတပ်ဆင် အသုံးပြုထားသည်ကို တွေ့ရှိရသည်။
သို့ပါသောကြောင့် အဆိုပါယာဥ် မီးလောင်မှုဖြစ်စဥ်တွင် Company ၏ မူလထုတ်လုပ်မှုပုံစံ ချို့ယွင်းချက်တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင်မှုမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခြင်းသာဖြစ်သောကြောင့် KSD အမှတ် တံဆိပ် ELECTRIC VEHICLE ယာဥ်များကို ဝယ်ယူအသုံးပြုထားသော Customer များနှင့် ထပ်မံဝယ်ယူမည့်မိဘပြည်သူများ အန္တရာယ်ကင်း စိတ်အေးချမ်းသာစွာ စီးနင်းအသုံးပြု ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။
ကနဦးသတင်းကို MT News Tlegram တွင် ဖတ်ရှုနိုင်ပါသည်။
ပုံစာ။ KSD Myanmar က မီးလောင်သွားသော KSD EV ယာဥ်ကို စစ်ဆေးပြီးနောက် ယာဥ်အစိတ်အပိုင်းများ ပြောင်းလဲတပ်ဆင်ထားမှု ဖော်ပြလာသည့်ပုံများ။