၁၀. ၁၁. ၂၀၂၂
Written by Nay Moe
တပ်မတော်အရာရှိတစ်ဦး၏ ဇနီးအား ပခုက္ကူမြို့ရှိ မိသားစုပိုင်စျေးဆိုင်တွင် ရှိနေစဥ် လူသုံးဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်မှု ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း MT News ၏ ကနဦးသတင်းစုံစမ်းမှုများအရ သိရသည်။
ဖြစ်စဥ်မှာ ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်ရှိ မတုတ်မ၏ အောင်ဆင်မင်း လက်ဖက်အကြော်မျိုးစုံနှင့် စားသောက်ကုန်လုပ်ငန်း၏ သမီးဖြစ်သူ တပ်မတော်အရာရှိတစ်ဦး၏ ဇနီး မဟန်နွေဦးအား လက်နက်ကိုင်လူငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးက နံနက် ၈ နာရီခန့်အချိန် ဆိုင်ဖွင့်နေချိန်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိသားစုဝင် လုံခြုံရေးကြောင့် ဘာမှ ပြောမရသေးလို့ နားလည်ပေးကြပါခင်ဗျာ” မိသားစုဝင်တစ်ဦးက ရေးသားထားပြီး မတုတ်မ ကုန်စုံဆိုင်တွင်လည်း ဆိုင်ပိတ်ကြောင်းရေးသားထားသည်ကို MT News က တွေ့ရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်ကလည်း မုံရွာမှ ကျောမြို့သို့ သွားရောက်သည့် တပ်မတော်အရာရှိတစ်ဦး၏ ဇနီးဖြစ်သူကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုကြောင့် တပ်မတော်မှ ကွန်မန်ဒိုများဖြင့် လိုက်လံကယ်ဆယ်ရာ ၁၄ ရက်ခန့်အကြာ အောက်တိုဘာ ၂၅ ရက်တွင် ပြည်သူ ၂၆ ဦးနှင့်အတူ ကယ်ဆယ်နိုင်ခဲ့သော်လည်း ဖမ်းဆီးခံရစဥ် ညှင်းပန်းနှိပ်စက်မှုများကြောင့် မုံရွာစစ်ဆေးရုံတွင် ကုသပေးနေစဥ် အောက်တိုဘာ ၂၈ ရက်တွင် ကွယ်လွန်ခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။