MT News
Written by Peya
ယနေ့ အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ခန္ဓာချုပ်ငြိမ်းသွားခဲ့သည့် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ အစ်မတော် သီလရှင်ဆရာကြီး ဒေါ်ကဉ္ဇနာကို ရွှေသမားရွှေရိပ်သာသုဿာန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း နီးစပ်သူအချို့ထံက သိရသည်။
ဈာပနအစီအစဉ်မှာ အောက်တိုဘာ ၇ ရက်၊ စနေနေ့ နံနက်ပိုင်း နံနက်(၈)နာရီအချိန် မဟာသုဗောဓာရုံ ကဉ္စနာရာမချောင်မှ ထွက်ခွာကြမည် ဖြစ်ကာ နံနက် ၉ နာရီအချိန်တွင် စစ်ကိုင်းမြို့ ရွှေသမားရပ် ရွှေသမားရွှေရိပ်သာသုဿာန်၌ မီးသင်္ဂြိုဟ်မည် ဖြစ်သည်။
မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ ပဓာနနာယက၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌမဟာနာယက၊ အဘိဓဇမဟာရဋ္ဌ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံလည်း အစ်မတော်၏နာရေးအခမ်းအနားသို့ ကြွရောက်လာကြောင်း သိရကာ ဆရာတော်ကြီးနှင့် အစ်မတော်တို့၏ Video များ၊ ဓာတ်ပုံများမှာ မောင်နှမ သံယောဇဉ်ကို ဖော်ပြသည့် ဓာတ်ပုံများအဖြစ် လူမှုကွန်ရက်တွင် ထင်ရှားကြောင်းလည်း သိရသည်။
ဆရာကြီး ဒေါ်ကဉ္စနကို မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက် တနင်္လာနေ့ နံနက် ၅ နာရီတွင် ဖခမည်းတော် ဦးစံလှ မယ်တော်ဒေါ်ခင်တို့က မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ပင်ရွာတွင်ဖွားမြင်ပြီး မွေးချင်း ၁၂ ယောက်အနက် လေးယောက်မြောက်ဖြစ်ကာ မြန်မာသက္ကရာဇ် ၁၃၀၃ ခုနှစ် နယုန်လဆန်း ၈ ရက် အသက် ၁၄ နှစ်အရွယ်က စစ်ကိုင်းတောင်ရိုး ဝိပဿနာ ဂန္ဓာရုံချောင် ပဌမဝိဿနာဆရာတော် အရှင်ဣန္ဒာဘသထံ သီလရှင်အဖြစ်ခံယူပြီး ဘွဲ့အမည်မှာ မကုသလဟု မှည့်ခဲ့သော်လည်း နောက်ပိုင်းတွင် မကဉ္ဇာနာဟု အမည်တွင်ခြင်းဖြစ်သည်။