MT News
Written by Min Mahar
ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အမည်မသိအမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ မြို့နယ်မှူးအပါအဝင် ၃ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များရှိနေစဥ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသားလူငယ် ၂ ဦးက စစ်ကိုင်း-မန္တလေးလမ်းအတိုင်း မြောက်မှ တောင်ဘက်သို့ မောင်းနှင်လာပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ မြို့နယ်မှူးအပါအဝင်ရဲ ဝန်ထမ်း ၃ ဦးဒက်ရာအနည်းငယ်ရရှိသွားသောကြောင့် တဝမေတ္တာလူမှုကူညီရေးအသင်းနှင့် သံ/တောင် လူမှုကူညီရေး အသင်းတို့မှ နန်းတွင်းစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။
” ညနေစောင်း မှောင်စပြုလာချိန်လောက်က ဆိုင်ကယ်တစ်စီးနဲ့ အမည်မသိအမျိုးသားလူငယ် ၂ ဦးက စစ်ကိုင်း-မန္တလေးလမ်းအတိုင်း မြောက်ကနေ တောင်ဘက်ကို မောင်းလာပြီး မြို့နယ်မှူးရုံးကို ဗုံးနဲ့ ပစ်ပေါက်သွားတာပါ။ ကင်းစောင့်နေတဲ့ ရဲတွေကလည်း လေးငါးချက်လောက် သေနတ်နဲ့ဆက်တိုက်ပြန်ပစ်ကြတယ်။ ပစ်တဲ့သူတွေတော့မထိသွားဘူး။ ရဲမှူးနဲ့ ရဲဝန်ထမ်း ၃ ဦးတော့ ဒဏ်ရာရကြတယ်ကြားတယ် ” ဟု အခင်းဖြစ်ရာအနီးတွင် နေထိုင်သည့် မျက်မြင်တစ်ဦးက MT New သို့ပြောသည်။
၎င်းလက်ပစ်ဗုံးဖြင့် လာရောက်ပစ်သွားသူများကို အမှတ်(၁၀)နယ်မြေရဲခန်းမှ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေကြောင်းသိရသည်။