MT News
Written by Ye Kyaw
မြန်မာနိုင်ငံအတွက် အဓိကလိုအပ်နေသည့် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် ဒေါ်လာ ၇၃ သန်းနီးပါးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌအသစ် ဗိုလ်ချူပ်ကြီးမြထွန်းဦး တာဝန်ယူပြီးနောက် ပထမဦးဆုံး ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့သည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၆ ခုတို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၇၂ ဒသမ ၉၈ သန်းနှင့် ငွေကျပ် ၃၁၄ ဒသမ ၇၃၉ ဘီလျံဖြစ်ပြီး ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။ ထို ခွင့်ပြုမှုများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၆ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။