MT News
Written by Nyein Kyaw
နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ကြေးငွေ ကျပ် ၃၀,၀၀၀ ထောက်ပံ့ပေးမည်ဆိုသောကြောင့် ကျပ် ၃၅ သိန်းဝန်းကျင်သို့ ဆွဲတင်ခဲ့သည့် ပြည်တွင်းရွှေဈေးသည် ယနေ့တွင် ကမ္ဘာ့ရွှေဈေးထပ်မံကျဆင်းလာမှုနှင့် ဒေါ်လာဈေး ဆက်လက်တည်ငြိမ်မှုတို့ကြောင့် ကျပ် ၃၄ သိန်းသို့ ပြန်လည်ကျဆင်းခဲ့သည်။
စက်တင်ဘာလ ၂၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက်ကိုလည်း ထောက်ပံ့ငွေများ မကြာမီ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး နောက်ရက်တွင်ပင် ပြည်တွင်းရွှေဈေး ကျပ်ငါးသောင်းကျော်ခုန်တက်ခဲ့သည်။
နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၃၀,၀၀၀ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အတည်ပြုကြေညာလိုက်သည့် စက်တင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် ပြည်တွင်းရွှေဈေး ကျပ် ၃၅ သိန်းဝန်းကျင်သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်း ထောက်ပံ့ကြေးငွေကို အကြောင်းပြု၍ ရွှေဈေးနှုန်းများ ဆွဲတင်ရန်ကြိုးစားခဲ့သော်လည်း အောက်တိုဘာလ ၂ ရက် (ယနေ့)တွင် ဒေါ်လာဈေးနှုန်း ဆက်လက်မြင့်တက်လာခြင်းမရှိဘဲ တစ်ဒေါ်လာ ကျပ် ၃,၃၂၀ တွင် တည်ငြိမ်သည့်အပြင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁,၈၃၆ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး သုံးရက်အတွင်း ၃၇ ဒေါ်လာအထိ ကျဆင်းခဲ့သည်။
ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ဈေးနှုန်းဆွဲတင်မှုအပေါ် ဆက်လက်မြင့်တက်လာခြင်းမရှိဘဲ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၄၀၀,၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။
ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ဖြစ်ပေါ်မှုအခြေအနေမှာ စက်တင်ဘာလ ၂၇ ရက်တွင် ရွှေဈေးနှုန်း ၃,၃၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၈၀ ကျပ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၃,၃၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၇၀ ကျပ်၊ စက်တင်ဘာလ ၂၉ ရက်တွင် ရွှေဈေးနှုန်း ၃,၃၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၈၅ ကျပ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ရွှေဈေးနှုန်း ၃,၄၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၃၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။