၂.၁၀.၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကုန်းရွာအနီးတွင် ယနေ့ နံနက်ပိုင်းက လမ်းဘေးရေမြောင်းထဲသို့ ဆိုင်ကယ်တစ်စီး ထိုးကျသဖြင့် အမျိုးသား ၂ ဦး သေဆုံးသွားကြောင်း ကရုဏာရှင်အခမဲ့နာရေးကူညီမှု အသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၂ရက် နံနက် ၇ နာရီကျော်က လှည်းကူးမြို့နယ်၊ လှည်းကူး-ဆားတလင်းလမ်း၊ ကျွန်းကုန်းရွာအနီးတွင် အမျိုးသားနှစ်ဦး မောင်းနှင်လာသောဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲသို့ ထိုးကျသွားခြင်းဖြစ်ပြီး ယင်းအမျိုးသားနှစ်ဦးစလုံး ဒဏ်ရာများစွာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
“သေဆုံးသွားတဲ့ အမျိုးသားနှစ်ယောက်က လူလတ်ပိုင်းတွေပါ။ အခုညနေအထိ ဘယ်သူတွေလဲဆိုတာ မသိရသေးဘူး”ဟု ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။
သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို လှည်းကူးမြို့နယ်ပြည်သူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဆိုင်ကယ် ရေမြောင်းထဲထိုးကျပြီး လူသေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းထံမှ သိရသည်။
ဓာတ်ပုံ – ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်း