၂.၁၀.၂၀၂၃
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အစိုးရဝန်ကြီးချုပ် အန်ဘီရန်ဆင်းက ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသောပဋိပက္ခ အကျပ်အတည်းအခြေအနေက လူမျိုးစုများအကြား မသင့်မတင့်ဖြစ်ရခြင်းကြောင့် မဟုတ်သကဲ့သို့ ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှုမရှိ၍လည်းမဟုတ်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အခြေစိုက်သော ကူကီးစစ်သွေးကြွများက မဏိပူရပြည်နယ်အတွင်း စစ်သွေးကြွများနှင့်ပူးပေါင်း၍ အိန္ဒိယနိုင်ငံအား ခြိမ်းခြောက်စစ်ပွဲ ပြုလုပ်လာကြခြင်းဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မတည်ငြိမ်မှုကို နိုင်ငံအတွင်း ပြိုကွဲမှုဖြစ်စေလိုသည့် လူတစ်စုက လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း၊ သို့သော် လူမျိုးစုများအကြား ပဋိပက္ခဖြစ်သယောင်ယောင်၊ ဘာသာရေးအပေါ်တွင် အခြေခံသယောင်ယောင်၊ လူများစုနှင့်လူနည်းစုအုပ်စုများအကြား ဖြစ်ပွားသယောင်ယောင် ဖန်တီးနေကြကြောင်း ပြောခဲ့သည်။
၎င်းက “ဒါပေမယ့်အခုဆိုရင်တော့ ပြည်သူတွေဆီကထွက်လာတဲ့အသံတွေနဲ့အတူ ဒီလိုမတည်မငြိမ်ဖြစ်ရခြင်းရဲ့အကြောင်း ရင်းက ပေါ်ပေါက်လာပါပြီ” ဟုဆိုခဲ့သည်။
ဘီရန်ဆင်းက ပဋိပက္ခအခြေအနေက အိန္ဒိယပြည်ထောင်စုကြီးကို ဆန့်ကျင်လာသောကြောင့် ဗဟိုအစိုးရက ပြဿနာကို ကိုင်တွယ်ထိန်းချုပ်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို(CBI) မိန်းကလေးတစ်ဦးအပါအဝင် ကျောင်းသားနှစ်ဦးကိုသတ်မှုတွင် ဆက်စပ်နေသည်ဟု စွပ်စွဲထားသော သံသယရှိသူလေးဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ပြည်နယ်အတွင်း စုံစမ်းထောက်လှမ်းမှုများကို စစ်တပ်၊ အပျော်တန်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့တို့နှင့်အတူ CBI က လျင်မြန်စွာပြုလုပ်နေကြောင်းလည်း ဘီရန်ဆင်းက ပြောခဲ့သည်။
၎င်းက တရားခံများကို ပြည်နယ်အစိုးရက ဥပဒေအတိုင်းတင်းကျပ်စွာအရေးယူသွားမည်ဟု ခိုင်မာစွာရပ်တည်ထားကြောင်း လည်း ထပ်မံပြောကြားခဲ့သည်။ ၎င်းကဒေသခံပြည်သူများအနေဖြင့် ဆန္ဒပြမှုများ၊ စုရုံးမှုများ ပြုလုပ်နိုင်သော်ငြားလည်း သက်ဆိုင်ရာရဲမှူးကြီးများထံမှ ခွင့်ပြုချက်ရယူကြခြင်းဖြင့် ဥပဒေတည်ရှိမှုကို လိုက်နာကြရန်လည်း ပြောခဲ့သေးသည်။ ထိုကဲ့သို့လိုက်နာခြင်းဖြင့် ဆန္ဒပြသူများနှင့်လုံခြုံရေးတပ်ဖွဲ့များအကြား နားလည်မှုလွဲမှားခြင်းနှင့် ထိပ်တိုက်တွေ့ဆုံခြင်းများကို ရှောင်လွဲနိုင်မည်ဖြစ်သည်ဟု ၎င်းက ဆိုခဲ့သည်။
ထိုအတောအတွင်း မဏိပူရပြည်နယ်အတွင်း လူမျိုးစုများ၏ အထွတ်အထိပ်အကျဆုံး အဖွဲ့အစည်းဟုလည်း ဆိုရမည့် လူမျိုးစုခေါင်းဆောင်များ၏ဖိုရမ်(ITLF)က သတ်ဖြတ်မှုတွင် ဆက်စပ်နေသည်ဟု သံသယရှိ၍ ဖမ်းဆီးမှုများအား ပြန်ပေးဆွဲမှုများအဖြစ် အမည်တပ်ကာ ပြည်နယ်အတွင်း ကလေးနှစ်ဦး အပါအဝင် ကူကီး ဇို တိုင်းရင်းသားခုနစ်ဦးကို ပြန်ပေးဆွဲခြင်းအား ဆန့်ကျင်သောအားဖြင့် ချူရာချန်ပူခရိုင်အတွင်း အကန့်အသတ်မရှိအစိုးရလုပ်ငန်းများ ရပ်ဆိုင်းရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ITLF က အမျိုးသားထောက်လှမ်းရေးအေဂျင်စီနှင့် ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရိုတို့အား ပြန်ပေးဆွဲခံရသူများ ၄၈ နာရီအတွင်း ပြန်လွှတ်ပေးရန်လည်းတောင်းဆိုခဲ့ကြပြီး အောက်တိုဘာလ ၂ ရက်မှစ၍ မေတီနယ်မြေကို လုံးဝအဝင်အထွက်ပိတ်ဆို့ထားမည်ဖြစ်ကြောင်း၊ အစိုးရအရာရှိများ လုံးဝဝင်ထွက်ခွင့် မပြုကြောင်းကြေညာခဲ့သည်။
Ref——-Defence News