၂. ၁၀. ၂၀၂၃
Written by Min Mahar
မန္တလေးနန်းတွင်းနှင့် အနီးဆုံးရပ်ကွက်ဖြစ်သော စိတ္တရမဟီရပ်ကွက်မှ လူမရှိသည့်နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု မန္တလေးမြို့တွင် ယနေ့နံနက်အရုဏ်တက်ချိန်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၂ ရက်)နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၄ လမ်းနှင့် ၇၅ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ စော်ဘွားဝန်းအတွင်းရှိသော အိမ်အမှတ်(၁၃-အ)၊ လူနေခြင်းမရှိသော အသက် ၅၆ နှစ်အရွယ် အိမ်ရှင်အမျိုးသားတစ်ဦး၏ RC နှစ်ထပ်တိုက် နေအိမ်(၁၅ ပေ၊ ၆၀ ပေ၊ အမြင့် ၃၀ပေ)အရှေ့ဘက် ခေါင်မိုးပေါ်သို့ လက်နက်ကြီးဟုယူဆသည့် ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ခေါင်မိုး(၈ ပေ ၆ပေ)ခန့်ပြိုကျပျက်စီးသွားခဲ့သည်။
ထို့ပြင် ၎င်းအိမ်၏ ယာဘက်ကပ်လျက်ရှိ အသက် ၇၃ နစ်အရွယ် အမျိုးသားကြီးတစ်ဦးပိုင်ဆိုင်သော နေအိမ်(အလျား ၁၅ ပေ အနံ ၆ပေ အမြင့် ၇ပေ) တံစက်မြိတ်ခေါင်မိုးအား အစထိမှန်ကာ အမိုးပေါက်ပြဲသွားသည့်အပြင် တုန်ခါမူကြောင့် အိမ်အနောက်ဖက်ရှိ အလျား ၄ ပေ အနံ ၄ ပေ အမြင့် ၃ ပေ အိမ်သာသုံး ရေကန်ကွဲအက်ပျက်စီးခဲ့သလို အိမ်ရှေ့တွင် ရပ်ထားသော Toyota Ractis(ခဲရောင်)ကားလည်း ရှေ့နေကာမှန်အကြီးဝဲဘက်ဒေါင့်ကွဲအက်ခဲ့ကြောင်းနှင့် အိမ်ရှေ့ဓာတ်တိုင် Epc မီးကြိုး ပေ ၈၀ ခန့် ၃ ကြိုးပြတ်ကျကာ ပျက်စီးခဲ့ကြောင်း သိရသည်။
“မနက် ၄ နာရီကျော်လောက်က ပေါက်ကွဲသံအကျယ်ကြီးပဲ ကြားလိုက်တယ်။ အိမ်တွေတောင် တုန်ခါသွားတယ်။ မနက်မိုးလင်းတော့ စော်ဘွားဝန်းထဲက လူမနေတဲ့အိမ်တစ်အိမ်အပေါ်ကို လက်နက်ကြီးနဲ့ပစ်ခံရတယ်လို့ ကြားတယ်။ လူအသေ အပျာက်တော့မကြားမိဘူး။ ဘေးအိမ်လည်း အနည်းငယ်ထိသွားတယ်လို့ကြားတယ်။ အပစ်ခံရတဲ့အိမ်ပိုင်ရှင်ကတော့ ပြီးခဲ့တဲ့လထဲက မြစ်ကြီးနားမှာ သွားနေတာလို့ ပြောနေကြတယ်”ဟု အခင်းဖြစ်ရာအနှီးနေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါပေါက်ကွဲမှူဖြစ်ပွားခဲ့သော နေအိမ်၏အိမ်ရှေ့မှ လက်နက်ကြီးကျည်အပိုင်းအစများ တွေ့ရှိခဲ့ပြီး လက်နက်ကျည်ကျရောက်သည့်အိမ်ရှင်အမျိုးသားမှာမူ လွန်ခဲ့သော ၁ လခန့်က မြစ်ကြီးနားမြို့သို့ သွားရောက်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နင့်ပတ်သက်၍ လက်နက်ကြီးပစ်ခတ်သည့်နေရာနှင့် ပစ်ခတ်သူများအား ဖမ်းဆီးရမိနိင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ အဆောက်အဦအမြင့်နေရာများအား နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ထိုလက်နက်ကြီးကျည်ကို မည်သည့်အဖွဲ့ကပစ်ခဲ့သည်ဟု တစ်စုံတစ်ရာပြောဆိုထားခြင်း မရှိသေးကြောင်းလည်း MT News သတင်းဌာနအနေဖြင့် စုံစမ်းသိရှိရသည်။