၂.၁၀.၂၀၂၃
Written by Peya
မလေးရှားနိုင်ငံတွင် မြန်မာရေလုပ်သား ၂ ဦး ပင်လယ်ပြင်ထဲ ပြုတ်ကျပျောက်ဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ တစ်ဦး၏ အလောင်းကိုသာ ပြန်လည်ရရှိပြီး တစ်ဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က မလေးရှားနိုင်ငံမှ ငါးဖမ်းစက်လှေတစ်စီးတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၂ ဦးသည် ငါးဖမ်းစဉ် ပြုတ်ကျပြီး လှိုင်းလုံးများနှင့် မျောပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စက်တင်ဘာလမှာက လှိုင်းရှိတော့ ငါးဖမ်းစက်လှေက ပိုက်ကြိုးကို ဆွဲတင်တုန်း တစ်ခြမ်းစောင်းပြီးတော့ မွန်အမျိုးသား ကိုကျော်နိုင်ဦးနဲ့ နောက်တစ်ယောက်က ရေထဲ ပြုတ်ကျသွားတာပါ” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ထို့နောက် အခြားစက်လှေများဖြင့် ချက်ချင်းရှာဖွေသော်လည်း ပျောက်ဆုံးသွားခဲ့ပြီးနောက် ငါးဖမ်းစက်လှေတစ်စီးက စက်တင်ဘာ ၂၆ ရက်တွင် ပင်လယ်ပြင်အတွင်း မျောပါနေသည့် အလောင်းတစ်လောင်း တွေ့ရသောကြောင့် ကွာလာစလန်းကောခရိုင်၊ ဆာဗားဒက်နံ ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီး စစ်ဆေးရာ အဆိုပါအလောင်းတွင် ထိုးထားသည့် တက်တူးအရ ကိုကျော်နိုင်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ လက်ရှိတွင် အဆိုပါအလောင်းကို အမြန်ဆုံးသင်္ဂြိုလ်နိုင်ရေး ဆောင်ရွက်နေကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
ကိုကျော်နိုင်ဦးသည် လူငယ်အရွယ်သာဖြစ်ပြီး မလေးရှားနိုင်ငံသို့ ရောက်ရှိသည်မှာ တစ်နှစ်ခန့်ကြာမြင့်ပြီဖြစ်ကာ မွန် ပြည်နယ်မှ လာရောက်လုပ်ကိုင်သူ ဖြစ်သည်။
“နောက်တစ်ယောက်ကတော့ အလောင်းလည်း ပြန်မရတော့ပါဘူး။ သူလည်း လူငယ်ပိုင်းပဲ ဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် သုံးလခန့်ကလည်း မလေးရှားနိုင်ငံမှ ငါးဖမ်းစက်လှေတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားလေးဦး ပင်လယ်ပြင်အတွင်းပြုတ်ခဲ့ရာ သုံးဦး၏အလောင်းကိုသာ ပြန်ရကြောင်းလည်း သိရသည်။