၂. ၁၀. ၂၀၂၃
Written by Nay Moe
အရာတော်မြို့ ခြေတော်ရာဘုရားအနီးရှိ ကင်းစခန်းကို ဗိုလ်နဂါး၏ BNRA အဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီတွင် အရာတော်မြို့၊ ခြေတော်ရာဘုရားအနီးရှိ ၅၀၀၄ တပ်ရင်း ကင်းစခန်းအား BNRA ဝိမောက္ခစစ်ကြောင်းမှ သွားရောက်ပစ်ခတ်ခဲ့ပြီး လခရအချို့ အဆိုပါစခန်းနေရာတွင်ပင် လေးဦးသေဆုံး၍ အူဇီသေနတ် ၂ လက်၊ အမ်အေ ၁၁ လက်နှင့် ခဲယမ်းတချို့သိမ်းယူသွားခဲ့သည်ဟု သိရသည်။
BNRA က ဖော်ပြထားသော ပစ်ခတ်မှုရုပ်သံအရ သဲအိပ်များထပ်ကာထားသော ကားတစ်စီး၏နောက်ခန်းတွင် BNRA PDF ၁၀ ဦးခန့် ဝပ်၍ လိုက်ပါလာကာ ခြေတော်ရာဘုရားရှေ့ကင်းစခန်းအရောက်တွင်မှ အငိုက်ဖမ်း၍ ဝိုင်းဝန်းပစ်ခတ်သည်ကိုမြင်ရပြီး ထိုခြေတော်ရာကင်းစခန်းမှာလည်း လုံခြုံရေးစီမံထားမှုမရှိသလို လခရတစ်ဦးပစ်ခတ်မှုကြောင့် သေဆုံးနေသည့် ရုပ်အလောင်းနှင့် BNRA အဖွဲ့ဝင်တစ်ဦးက လက်နက်ဆင်းကောက်ကာ ပြန်လည်ထွက်ခွာသွားသည်ကို တွေ့မြင်ရသည်။
ထိုသို့ ပစ်ခတ်နေစဥ်အတွင်း လခရဘက်မှ တုံ့ပြန်ပစ်ခတ်မှုရှိပြီး သံချပ်ကာ ကားတစ်စီး၊ စစ်ကားတစ်စီးဖြင့် လိုက်လံပစ်ခတ်မှုများရှိခဲ့သော်လည်း ဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် PDF တစ်ဦး နဖူးရှပ်မှန်ဒဏ်ရာရ၍ ကျန်သူများအားလုံး ဘေးကင်းသည်ဟုလည်း BNRA က ပြောသည်။